‘The Lion King’ Remake မှာ သူ့ရဲ့ Iconic သီချင်းတစ်ပုဒ် ပြန်လည်ပါဝင်လာမှာမဟုတ်

ကလေးဘဝ Lion King ကာတွန်း ကြည့်ခဲ့စဉ်က Scar ကို အသေမုန်းခဲ့ဖူးပါတယ်။ အခုအချိန်ထိလည်း မုန်းနေဆဲပါပဲ။ ဘာကြောင့်လည်းဆိုတော့ အာဏာမက်ပြီး Simba လေးရဲ့ အဖေ Mufasa ကို သတ်ခဲ့တဲ့အတွက်ပါ။ Scar က Mufasa ကို ချောက်ထဲတွန်းချလိုက်တဲ့အခန်းက နှစ်ပေါင်း ၂၀ ကျော်ကြာပြီးသွားတာတောင် မျက်စိထဲမှာ မြင်ယောင်နေဆဲပါ။ ဒါကြောင့် ဒီတစ်သက်မှာတော့ Scar နဲ့ပတ်သက်ပြီး ဘယ်လိုမှ အကောင်းဖက်ကနေ ခံစားပေးလို့ရမှာမဟုတ်ဘူးလို့ ထင်ထားခဲ့တာ ဒီနေ့မှာတော့ မှားမှန်းသိသွားခဲ့ရပါတယ်။

 

Lion King (1994) မှာပါဝင်တဲ့သီချင်းတွေကို ဖန်တီးပေးခဲ့တဲ့ Elton John နဲ့ Tim Rice တို့ဟာ ၂၀၁၉ ထဲထွက်ဖို့လျာထားတဲ့ Lion King Remake အတွက် သီချင်းတွေကို ဖန်တီးပေးနေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Elton John ဟာ The Sun ကို ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး စကားပြောခဲ့စဉ်တုန်းက မကြာမီလာမယ့် ၂၀၁၉ ရုပ်ရှင်မှာ ပထမဇာတ်ကားရဲ့သီချင်းတွေထဲက ၄ ပုဒ်သာ ပြန်လည်ပါဝင်မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အဲဒီသီချင်း ၄ ပုဒ်ကတော့ “Can You Feel The Love Tonight?“, “Hakuna Matata“, “I Just Can’t Wait to Be King” နဲ့ “Circle of Life” တို့ဖြစ်ပါတယ်။ အဲဒီ ၄ ပုဒ်လုံးက လုံးဝ classic တွေဖြစ်လို့ မပါမဖြစ်ပြန်ပါရမယ့် သီချင်းတွေလို့တောင်ပြောလို့ရပါတယ်။ ဒီနေရာမှာ နောက်ထပ်အရမ်းအရေးကြီးတဲ့ သီချင်းတစ်ပုဒ် ကျန်နေခဲ့ပါတယ်.. အဲဒါကတော့ Scar ရဲ့ သီချင်း “Be Prepared” ဖြစ်ပါတယ်။

 

Be Prepared” ဟာ Scar တစ်ယောက် Mufasa ကိုမသတ်ခင်လေးမှာ သူ့ရဲ့အကြံအစည်တွေကို သူ့နောက်လိုက်ခွေးအတွေရှေ့မှာ ဆိုပြတဲ့သီချင်းလေးဖြစ်ပါတယ်။ စိတ်မချမ်းသာစရာနောက်ခံတီးလုံးနဲ့တကွ သူ့ရဲ့ Mufasa နဲ့ Simba တို့ကိုသတ်မယ့်အကြံအစည်ကို အသေးစိတ်ဖော်ပြသွားတဲ့ ဒီသီချင်းဟာ Scar ရဲ့ မနာလိုစိတ်၊ သိမ်ငယ်စိတ်၊ ကောက်ကျစ်စဉ်းလဲစိတ်တွေကို အထင်းသားဖော်ပြနိုင်ခဲ့ပါတယ်။ Scar ဆိုတဲ့ဇာတ်ကောင်ရဲ့ အနှစ် လို့တောင် ပြောလို့ရတဲ့သီချင်းတစ်ပုဒ်ပါ။ ဆောင်းပါးဆက်မဖတ်ခင် သင့်ရဲ့မှတ်ဉာဏ်ကိုအလုပ်ပေးတဲ့အနေနဲ့ “Be Prepared” သီချင်းဆိုပြတဲ့ ဇာတ်ဝင်ခန်းလေးကို ပြန်နားထောင်ကြည့်လိုက်ပါဦး။

 

 

ကျွန်တော်အသက်တွေကြီးလာပြီး ရုပ်ရှင်တစ်ကားကို နည်းစနစ်ကျကျ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိလာတော့ Scar ဆိုတဲ့ဇာတ်ကောင်နေရာကနေ ဝင်ရောက်ခံစားပေးလာတတ်သလို သူ့ရဲ့ကိုယ်ပိုင်သီချင်းဖြစ်တဲ့ “Be Prepared” ကိုလည်း ဇာတ်ကောင်နဲ့တွဲပြီး မြင်တတ်လာခဲ့ပါတယ်။ အဲဒီကျမှ Scar ရော သူ့ရဲ့သီချင်းဖြစ်တဲ့ “Be Prepared” ရောဟာ ဘာကြောင့် ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး Villain နဲ့ Villain Song တွေထဲက တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခြင်းခံရသလည်းဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။ အဲဒီလို နားလည်သဘောပေါက်လာလို့လည်း ၂၀၁၉ ရုပ်ရှင်မှာ “Be Prepared” ကို ပြန်လည်အသုံးမပြုဘူးဆိုတာသိရတော့ စိတ်ထဲမှာ ဟာခနဲ ဖြစ်သွားရပါတယ်။ Scar ကိုဘယ်လောက်ပဲမုန်းတယ်ဆိုပေမယ့် သူ့ကို သူ့ရဲ့ iconic song နဲ့တွဲမမြင်ရဘူးဆိုတော့ ရင်ထဲမှာ မတင်မကျပါပဲ။ အဲဒီလောက်ကောင်းတဲ့ classic တစ်ခုကို ဘာနဲ့အစားပြန်ထိုးမလည်းဆိုတာကတော့ ရုပ်ရှင်ထွက်လာမှ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။

 

ဘယ်လိုပဲပြောပြော အပေါ်မှာဖော်ပြခဲ့တဲ့ iconic song အချို့ကို ပြန်လည်အသုံးပြုမယ်ဆိုတော့ လုံးဝမသုံးတာထက်စာရင် အများကြီးတော်ပါသေးတယ်လို့ ပြောရမှာပါ။ Lion King ရုပ်ရှင်ရဲ့အဖွင့်သီချင်းဖြစ်တဲ့ “Circle of Life” ဟာဆိုရင် Mufasa က Simba လေးကို Pride Rock ပေါ်မှာ ချီမြှောက်တဲ့အခန်းမှာ အသုံးပြုထားတဲ့ သီချင်းလေးပါ။ သားရဲတိရစ္ဆာန်တွေနဲ့ သဘာဝတရားကို လှလှပပဖော်ကြူးပြထားတဲ့ ဒီသီချင်းလေးသာ ပြန်မပါရင် Lion King Remake လို့တောင် မခေါ်သင့်ဘူးလို့ဆိုရမယ့်အထိပါပဲ။

 

 

ကလေးဘဝထုံးစံအတိုင်း အသက်မြန်မြန်ကြီးချင်ပြီး ကိုယ်လုပ်ချင်တာလုပ်ခွင့်ရဖို့ စိတ်ကူးယဉ်တဲ့အကြောင်းကို သရုပ်ဖော်ထားတဲ့ “I Just Can’t Wait to Be King” ဟာ Simba ဆိုတဲ့ဇာတ်ကောင်ရဲ့ foundation လို့ဆိုရမှာပါ။

 

 

အဖေဖြစ်သူ ကွယ်လွန်ပြီးနောက် အားငယ်နေတဲ့ Simba လေးကို Timon နဲ့ Pumbaa တို့က ပျော်ပျော်ရွှင်ရွှင်နေပါလို့ တိုက်တွန်းတဲ့အနေနဲ့ ဆိုပြတဲ့ “Hakuna Matata” ဟာဆိုရင်လည်း အရမ်း catchy ဖြစ်သလို နားထောင်လိုက်တာနဲ့ စိတ်ပျော်ရွှင်စေတဲ့သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

 

 

အရွယ်ရောက်လာတဲ့ Simba နဲ့ Nala တို့နှစ်ယောက်ကြားမှာ အချစ်ပန်းတွေ ပွင့်ဖူးလာတာကို ဖော်ကြူးထားတဲ့ “Can You Feel the Love Tonight?” ဟာ Lion King ရုပ်ရှင်ကို အော်စကာဆုရော ရွှေကမ္ဘာလုံးဆုပါ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

 

 

ဒါ့အပြင် Lion King Remake မှာ ending credit song အသစ်တစ်ပုဒ်ပါဝင်လာမှာဖြစ်ပြီး အဲဒီသီချင်းကို Elton John နဲ့ Tim Rice တို့က Beyonce နဲ့လက်တွဲဖန်တီးမှာပါ။ ဒါ့အပြင် Remake ထဲက Nala ကို Beyonce က အသံသရုပ်ဆောင်ပေးဦးမှာဖြစ်ပါတယ်။

 

The Lion King ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *