Action ဇာတ်လမ်းတွဲတွေ ကြိုက်နှစ်သူများအတွက် The Night Manager

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ ကထွက်ထားတဲ့ အပိုင်း ၆ ပိုင်းပါ mini-series တစ်ခုပဲဖြစ်ပါတယ်။ စာရေးဆရာ John le Carré ရဲ့ The Night Manager ဝတ္ထုကိုပြန်ရိုက်တာဖြစ်ပြီး ဒါရိုက်တာအနေနဲ့ကတော့ Susanne Bier ကတာဝန်ယူရိုက်ကူးထားတာပါ။ IMDb 8.2, TV.com 8.9 နဲ့ Rotten Tomatoes မှာ 92% ထိရရှိထားတဲ့ crime drama အမျိုးအစားဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းဟာဆိုရင် ယခင်က အင်္ဂလိပ်စစ်သားတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ Hotel တစ်ခုမှာ ညဆိုင်း porter အနေနဲ့အလုပ်လုပ်နေတဲ့ Johnathan Pine ရဲ့ စွန့်စားခန်းတွေအကြောင်းအဓိကဖော်ပြထားတာဖြစ်ပါတယ်။ အလုပ်လုပ်နေရင်း တစ်နေ့မှာ special agent တစ်ယောက်က နာမည်ကြီးစီးပွားရေးသမား Richard Roper အကြောင်းကို စုံစမ်းဖို့ Pine ကို လာကမ်းလှမ်းခဲ့ပါတယ်။ စီးပွားရေးသမား Roper ဟာ လက်နက်ကိုင်တွေနဲ့ လှို့ဝှက်အပေးအယူတွေလုပ်ကိုင်နေတယ်လို့ သံသယရှိတာကြောင့် စောင့်ကြည့်ခံနေရသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်  Pine ဟာ သူကိုယ်တိုင် ရာဇဝတ်သားဟန်ဆောင်ပြီး Roper ရဲ့အတွင်းလူဖြစ်အောင်ကြိုးစားရပါတော့တယ်။ Roper ရဲ့ လူယုံတော်ဘဝနဲ့ သူ့ရဲ့ ပုံမှန်ဘဝ မရောထွေးအောင်နေထိုင်နိုင်ပါ့မလား။ သူ့ရဲ့ spy mission ကရော အောင်မြင်နိုင်ပါ့မလား။ အလုပ်လုပ်နေရင်းပေါ်လာတဲ့ အရှုပ်အထွေးတွေကိုရော သေချာကိုင်တွယ်နိုင်ပါ့မလားဆိုတာကတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ။

ဇာတ်လမ်းကလည်းကောင်းသလို သရုပ်ဆောင်တွေကလည်း အချဉ်တော့မဟုတ်ဘူးနော်။ Johnathan Pine နေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Marvel ရဲ့ superhero တစ်ယောက်ဖြစ်တဲ့ Tom Hiddleston (Loki), Richard Roper နေရာမှာ Hugh Laurie နဲ့ Olivia Colman, Elizabeth Debicki, Tom Hollander စတဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကလည်း ပါဝင်အားဖြည့်ထားတဲ့အတွက် ကြည့်ရတာတော့ ပျင်းမှာမဟုတ်ဘူးနော်။

Leave a Reply

Your email address will not be published. Required fields are marked *