Tom Cruise က ‘Mission: Impossible – Fallout’ ထဲက စတန့်ကွက်တွေ ဘယ်လိုဖန်တီးခဲ့တယ်ဆိုတာ ထုတ်ဖော်ပြသ

မင်းသားကြီး Tom Cruise ဟာ သူ့ဇာတ်ကားတွေမှာပါဝင်တဲ့ အက်ရှင်ခန်းတွေကို သူကိုယ်တိုင်သရုပ်ဆောင်သူအဖြစ် နာမည်ကြီးပါတယ်။ သူဟာ စတန့်ကွက်တိုင်းကို ပညာရှင်တွေနဲ့သေချာညှိနှိုင်းပြီး လပေါင်းများစွာအချိန်ယူဖန်တီးလေ့ရှိပါတယ်။ မကြာမီထွက်ရှိတော့မယ့် Mission: Impossible – Fallout ထဲက စတန့်ကွက်တွေဆိုရင်လည်း ထိုနည်း၎င်းပါပဲ။

 

ဒီဇာတ်ကားထဲမှာ Helicopter Chase အခန်းတွေအများကြီးပါဝင်ပါတယ်။ အဲဒီထဲမှာ Trailer ရဲ့အဆုံးနားလေးမှာ မြင်ခဲ့ရတဲ့ Helicopter ကို ၃၆၀ ဒီဂရီ barrel roll လုပ်တဲ့အခန်းကလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။ ဒီနေ့မှာပဲ Paramount Pictures က အဲဒီအခန်းကို ဘယ်လိုရိုက်ကူးခဲ့တယ်ဆိုတဲ့ behind-the-scenes ဗီဒီယိုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

 

Helicopter မောင်းဖို့ဆိုတာက လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး.. အတွေ့အကြုံနဲ့ skill တွေအများကြီးလိုအပ်ပါတယ်။ Tom လိုလူမျိုးတစ်ယောက်ကို ဒီလိုစတန့်ကွက်တွေလုပ်ခိုင်းဖို့ဆိုတာ ပုံမှန်အတိုင်းဆို စဉ်းတောင်မစဉ်းစားရဲတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်လို့ Aerial Coordinator ဖြစ်သူ Marc Wolff က ပြောကြားထားပါတယ်။

 

Tom Cruise ဟာ သူ့ရဲ့စတန့်ကွက်တွေအားလုံးကို green screen တွေ၊ special effect တွေလုံးဝအသုံးမပြုပဲ ကိုယ်တိုင်လက်တွေ့ဖန်တီးချင်သူဖြစ်ပါတယ်။ Stunt Coordinator တစ်ယောက်ဖြစ်သူ Wade Eastwood က “သူတို့အဲဒီလို effect တွေအသုံးပြုလိုက်မယ်ဆိုရင် ရုပ်ရှင်ကြည့်ပရိသတ်တွေက ချက်ချင်းလိုလို သတိထားမိကြမှာပါ။ Tom က အဲဒါကိုမလိုလားတဲ့အတွက် စတန့်ကွက်အားလုံးကို လက်တွေ့ကျကျပဲ ဖန်တီးချင်တာဖြစ်ပါတယ်။” လို့ ရှင်းပြထားပါတယ်။ အဲဒီတော့ Tom Cruise တစ်ယောက် ရဟတ်ယာဉ်ကို ကိုယ်တိုင်မောင်းနှင်ခွင့်ရဖို့အတွက် အနည်းဆုံး ပျံသန်းချိန် နာရီ ၂၀၀၀ ပြည့်အောင် အရင်လေ့ကျင့်ခဲ့ရပါတယ်။

 

ပြီးတော့ ဒီဇာတ်ကားထဲက Tom Cruise တစ်ယောက် Helicopter မောင်းတဲ့အခန်းတွေမှာ သူကိုယ်တိုင်မောင်းတယ်ဆိုတာကို သိသာစေချင်တဲ့အတွက် Helicopter အထဲမှာရော အပြင်မှာပါ ကင်မရာတွေတပ်ဆင်ပြီး cockpit ထဲမှာ Ethan Hunt တစ်ယောက်တည်းရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။

 

ဒီအခန်းတွေကို ရိုက်ကူးနေစဉ်တုန်းက Helicopter မောင်းမယ့်သူတွေအားလုံး မနက်တိုင်း ဘယ်သူက ဘယ်အချိန်မှာ ဘယ်အနေအထားနဲ့မောင်းမယ်ဆိုတာတွေကို အသေးစိတ်တိုင်ပင်ကြရပါတယ်လို့ ဆိုပါတယ်။ လေထဲမှာ ရိုက်ကူးရေးအဖွဲ့တွေစီးတဲ့ Helicopter တွေရော၊ ရုပ်ရှင်ထဲပါဝင်မယ့် Helicopter တွေပါ အများကြီး တပြိုင်တည်းပျံသန်းနေကြတော့ အချိန်တိုင်းမှာ အထူးဂရုစိုက်ပြီး ပျံသန်းကြရပါတယ်လို့ ဆိုထားပါတယ်။

 

အဲဒီတော့ ဒီစတန့်ကွက်အတွက် Tom Cruise ရဟတ်ယာဉ်မောင်းလေ့ကျင့်တာကနေ ရိုက်ကူးပြီးစီးတဲ့အထိ အချိန်ဘယ်လောက်ပေးခဲ့ရသလဲ…

 

ဒီမေးခွန်းရဲ့အဖြေကို ဒီဇာတ်ကားရဲ့ထုတ်လုပ်သူ David Ellison က ပေးခဲ့ပါတယ်။ Tom Cruise ဟာ ဒီစတန့်ကွက်တစ်ခုတည်းအတွက် အချိန် ၁ နှစ်ခန့်ပေးပြီး လေ့ကျင့်ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။

 

 

Tom Cruise တစ်ယောက် ဒီလိုစိတ်နှစ်ကိုယ်နှစ် ကြိုးစားပြီးဖန်တီးလို့လည်း သူ့ရဲ့စတန့်ပြကွက်တွေက ပီပြင်တာပါ။ Ghost Protocol တုန်းက ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ Burj Khalifa ကနေ တွဲလောင်းခိုဆင်းပြီးပြေးတဲ့အခန်းဆိုရင်လည်း no stunt double, no green screen, no special effect ပါ။ Rogue Nation ထဲက ပျံတက်နေတဲ့လေယာဉ်ကို တွဲလောင်းခိုပြီးလိုက်တဲ့အခန်းဆိုရင်လည်း သူကိုယ်တိုင် ၈ ကြိမ်တိတိ အသက်စွန့်ပြီး ရိုက်ကူးခဲ့တာပါ။ ပြီးတော့ The Mummy ထဲက လေယာဉ်ပျက်ကျတဲ့အခန်းကို အခြားမင်းသားတွေဆိုရင် cable တွေ၊ green screen တွေနဲ့ပဲရိုက်ကြမှာပါ.. ဒါပေမယ့် Tom Cruise ကတော့ အဲဒီလိုမဟုတ်ပါဘူး.. ပေသောင်းနဲ့ချီတဲ့အမြင့်မှာပျံသန်းနေတဲ့လေယာဉ်ထဲမှာ zero gravity အခြေအနေရအောင်ဖန်တီးယူပြီး ၆၄ ကြိမ်တိတိ ကြိုးစားရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 

ကဲ.. Fallout ရဲ့ behind-the-scene တွေမြင်ရပြီးတော့ လူကလည်း နည်းနည်း hype သွားပါပြီ။ Tom Cruise တစ်ယောက် ဒီလောက်အချိန်ပေးပြီး ကြိုးစားရိုက်ကူးထားတဲ့စတန့်ကွက်တွေကို ဇူလိုင် ၂၇ ရက်နေ့ဆိုရင် ပိတ်ကားထက်မှာ ကြည့်ရှုခံစားနိုင်တော့မှာ ဖြစ်ပါတယ်။

 

Ref: Variety

Leave a Reply

Your email address will not be published. Required fields are marked *