Jack Reacher ဖြစ်ဖို့ အရပ်ပုလွန်းနေတယ်လို့ အပြောခံလိုက်ရတဲ့ Tom Cruise

Jack Reacher ဆိုတာ နာမည်ကျော် Hollywood မင်းသားကြီး Tom Cruise ရဲ့ အထင်ကရ ဇာတ်ရုပ်တစ်ခုပါ။ ထွက်ရှိပြီးသွားခဲ့တဲ့ Jack Reacher ဇာတ်ကားနှစ်ကားလုံးမှာ Tom Cruise ဟာ ဒီဇာတ်ရုပ်နေရာအတွက် အကောင်းဆုံး ပါဝင်သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေလည်း စိတ်ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် သိပ်ပြီး မကျေနပ်နိုင်သူကတော့ Jack Reacher ကို ဖန်တီးခဲ့သူ စာရေးဆရာ Lee Child ပါပဲ။

 

Lee Child က သူဖန်တီးထားခဲ့တဲ့ Jack Reacher ဟာ အရပ် ၆ပေ၅လက်မလောက်အထိ မြင့်မားလှတဲ့ အရပ်မြင့်မြင့်မားမား အမျိုးသားတစ်ယောက်ဖြစ်တယ်လို့ BBC Radio Manchester’s Mike Sweeney အစီအစဉ်ရဲ့ အင်တာဗျူးမှာ ဖွင့်ဆိုထားခဲ့ပါတယ်။ ဒါပေမယ့် Jack Reacher ဇာတ်ရုပ်ကို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Tom Cruise ရဲ့ တကယ့် အရပ်အမြင့်က ၅ပေ ၇ လက်မသာ ရှိလို့နေခဲ့ပါတယ်။

 

ဒီလို ကွာဟချက်လေးတွေ ရှိနေပေမယ့်လည်း အရည်အသွေး မြင့်မားလွန်းနေတဲ့ မင်းသားတစ်လက်ဖြစ်လို့ Tom Cruise ရဲ့ အရပ်ပုခြင်းရှည်ခြင်းကို လူတွေက စိတ်မဝင်စားတော့ပဲ သူရဲ့ သရုပ်ဆောင်ချက်တွေကိုသာ စီးမြောသွားတယ်လို့ Lee Child က ရှင်းပြခဲ့ပါတယ်။ Lee က “Tom Cruise က တကယ့်ကိုတော်တဲ့ သရုပ်ဆောင်ပါ။ သူနဲ့အလုပ်တွဲရတာ ပျော်စရာပါ။ ဒါပေမယ့် အခြေခံအားဖြင့်ဆိုရင်တော့ ကျွန်တော့်စာဖတ်ပရိသတ်တွေက မှန်ပါတယ်။ Jack Reacher ရဲ့ အရပ်အမောင်းက သူရဲ့ အရေးပါဆုံး သွင်ပြင်လက္ခဏာတစ်ခု ဖြစ်နေလို့ပါပဲ။ ဒါပေမယ့်လည်း Tom Cruise ရဲ့ သရုပ်ဆောင်ချက်တွေက ကောင်းလွန်းနေတော့ အရပ်ရှည်တာ ပုတာတွေကို သတိမထားမိနိုင်တော့ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

 

ဒီလို ချီးကျူးခံရပေမယ့်လည်း Tom Cruise ကတော့ ဇာတ်လမ်းတွဲအဖြစ် အသက်သွင်းတော့မယ့် Jack Reacher စီးရီးအသစ်မှာတော့ ပါဝင်လာနိုင်ဖွယ် ရှိတော့မှာ မဟုတ်ပါဘူးခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *