နှစ်သုံးဆယ်မြောက် မင်္ဂလာနှစ်ပတ်လည်ပွဲကို ကျင်းပခဲ့ကြတဲ့ Tom Hanks တို့ ဇနီးမောင်နှံ

ဟောလီးဝုဒ်က နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Tom Hanks ဟာ ၁၉၈၄ ခုနှစ်မှာ Splash ဆိုတဲ့ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့တာပါ။ အဲဒီနောက် ဇာတ်လမ်းသဘောတွေအရ ရယ်စရာဇာတ်ကောင်တွေ ဖြစ်လိုက်၊ ဒရာမာ ဇာတ်ကောင်တွေ ဖြစ်လိုက်နဲ့ ရုပ်ရှင်ကားကောင်းတွေ တစ်ကားပြီးတစ်ကား ဆက်လက်ရိုက်ကူးလာခဲ့ရလေတော့တာ ဒီနေ့ ဒီအချိန်အထိပဲလို့ ဆိုရမလို ရှိပါတယ်။

You’ve Got Mail, The Green Miles, Cast Away, Catch Me If You Can, The Terminal စတဲ့ ဇာတ်ကားတွေဟာ သူသရုပ်ဆောင်ခဲ့တဲ့ ကားကောင်းတွေ တော်တော်များများထဲက တချို့ပါ။ နောက်ပြီး Tom Hanks ဆိုတဲ့ သူ့ရဲ့ နာမည်နဲ့အတူ ရုပ်ရှင်ချစ်သူတိုင်း အမြဲတွဲမှတ်မိနိုင်တဲ့ ဇာတ်ကားတစ်ကားလည်း ရှိပါသေးတယ်။ အဲဒါကတော့ Forrest Gump ဆိုတဲ့ ဇာတ်ကားကောင်းပါ။

သူဟာ သရုပ်ဆောင်လုပ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဆုမျိုးမျိုးတွေအတွက် ခဏခဏ တစ်ကြိုခန့်မှန်းပေးခြင်းကို ခံခဲ့ရဖူးတာပါ။ ၁၉၉၄ ခုနှစ်မှာတော့ စောစောက Forrest Gump ဆိုတဲ့ ဇာတ်ကားနဲ့ ရွှေကမ္ဘာလုံးဆုအပြင် People’s Choice Award For Best Actor ဆုနဲ့ တခြားဆုတွေကိုပါ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါတွေတင် မကသေးပါဘူး။ သူဟာ ကိုယ်တိုင် ဒါရိုက်တာတွေဘာတွေ လုပ်သေးသလို အသံနဲ့ သရုပ်ဆောင်တာတွေကိုလည်း လုပ်နိုင်ခဲ့ပါသေးတယ်။ အသံနဲ့ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်ကတော့ ကမ္ဘာကျော် Toy Story ကာတွန်းဇာတ်လမ်းတွဲလေးထဲက ဇာတ်လိုက်ဖြစ်တဲ့ Sheriff Woody နေရာကပါပဲ။

ရုပ်ရှင်လောကမှာ အဲဒီလို ထွန်းလင်းတောက်ပနေခဲ့တဲ့ Tom Hanks ဟာ ပြီးခဲ့တဲ့ ၂၀၁၈၊ ဧပြီ ၃၀ ရက်နေ့မှာတော့ သူ့ဇနီးဖြစ်တဲ့ Rita Wilson နဲ့ လက်ထပ်ဖြစ်ခဲ့တာ အနှစ်သုံးဆယ် ပြည့်သွားခဲ့ပြီလို့ သိရပါတယ်။ ဒါပေမဲ့ တကယ်တော့ Rita Wilson ဟာ Tom Hanks ရဲ့ ဒုတိယအိမ်ထောင်ပါ။

ပထမဆုံး Tom Hanks လက်ထပ်ဖြစ်ခဲ့တဲ့ အမျိုးသမီးကတော့ Samantha Lewes ပဲဖြစ်ပါတယ်။ သူတို့ဟာ ၁၉၇၈ ခုနှစ်တုန်းက လက်ထပ်ဖြစ်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ပြန်ပြီး ကွဲကွာသွားခဲ့တယ်။ အဲဒီနောက် Tom Hanks ဟာ ၁၉၈၈ ခုနှစ်မှာ အခုလက်ရှိအိမ်ထောင်ဖြစ်တဲ့ Rita Wilson နဲ့ ဒုတိယအကြိမ်မြောက်အဖြစ် လက်ထပ်ဖြစ်ခဲ့တာပါ။ သူလက်ထပ်ဖြစ်ခဲ့တဲ့ ဇနီးနှစ်ယောက်စလုံးဟာ သရုပ်ဆောင်တွေပဲ ဖြစ်ကြပါတယ်။

ပထမအိမ်ထောင်ဖြစ်တဲ့ Samantha နဲ့ ကိုးနှစ်လောက်ပဲ ကြာမြင့်ခဲ့တဲ့ Tom Hanks ဟာ ဒုတိယအိမ်ထောင်ဖြစ်တဲ့ Rita နဲ့ကျတော့ နှစ်သုံးဆယ်ကြာအောင် မြဲနေခဲ့သေးတာ အမှန်ပါ။ ဒါဟာ အံ့သြစရာတစ်ခုလို့လည်း ဆိုနိုင်သလို Tom Hanks အနေနဲ့ သူ့ရဲ့ စစ်မှန်တဲ့ နံရိုးရှင်ကို ရှာတွေ့သွားခဲ့ရလို့လည်း ဖြစ်နိုင်ပါတယ်။

အသက် ၆၁ နှစ်ရှိခဲ့ပြီဖြစ်တဲ့ Tom Hanks ရဲ့ ဒုတိယဇနီးဖြစ်သူ Rita ဟာ သူမတို့ဇနီးမောင်နှံရဲ့ အနှစ်သုံးဆယ်မြောက် မင်္ဂလာအထိမ်းအမှတ်ကို Instagram ပေါ်မှာ မင်္ဂလာဦးကာလတုန်းက ဓာတ်ပုံလေးကိုတင်လို့ စတေးတပ်လေး ရေးခဲ့ပါတယ်။

ဒါကို Tom Hanks ကလည်း အားကျမခံအဖြစ်နဲ့ သူ့ရဲ့ Twitter မှာ Rita တင်တဲ့ ဓာတ်ပုံလေးကိုပဲ ပြန်တင်ပြီး သူတို့ဇနီးမောင်နှံရဲ့ နေ့ထူးနေ့မြတ်အကြောင်းလေးကို ….

“ဧပြီ ၃၀ မှာ နှစ် ၃၀ ဆယ်ပြည့်သွားခဲ့ပြီ။ နှစ်ကာလကလည်း ၈၈ ခုနှစ်ကနေ ၁၈ ဆိုတော့ မှော်ဆန်နေသလိုပဲ”

ဆိုပြီး အမှတ်တရ တင်ခဲ့ပါသေးတယ်။

Pacific Palisades, California မှာ ညပိုင်းကျင်းပဖြစ်ခဲ့တဲ့ Tom Hanks တို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း နှစ် ၃၀ မြောက်ပွဲကို Oprah Winfrey, Kate Hudson နဲ့ Goldie Hawn တို့ သားအမိ၊ Kurt Russell, Martin Short စတဲ့ နာမည်ကြီးတွေနဲ့ တခြား အကျော်အမော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *