ခပ်ဆိုးဆိုးမင်းသားနဲ့ တောသူမလေးတို့ရဲ့ အချစ်ဇာတ်လမ်း Top Star Yoo Baek

၂၀၁၈ခုနှစ်ရဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့ကတော့ ကိုရီးယားဇာတ်လမ်းတွဲပရိသတ်တွေအတွင် အိပ်ရေးပျက်စေ ဖုန်းဘေလ်တွေကုန်စေနိုင်မယ့် လတစ်လလို့တောင် သတ်မှတ်ရမလို ဖြစ်နေပါပြီ။ ထွက်လိုက်သမျှ ကိုရီးယားကားတိုင်းကလည်း ကြည့်ချင်စရာလေးတွေဆိုတော့ ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာတောင် တော်တော်အကြပ်ရိုက်စေပါတယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော်မိတ်ဆက်ပေးသွားချင်တဲ့ ဇာတ်လမ်းတွဲကိုတော့ ပရိသတ်တွေ သိပ်သိလောက်မယ် မထင်ဘူး။ ဒီဇာတ်လမ်းလေးရဲ့နာမည်ကတော့ Top Star Yoo Baek ပါ။

 

ဒီဇာတ်လမ်းတွဲကို လူသိနည်းရတဲ့ အကြောင်းအရင်းကတော့ အရမ်းကိုကောင်းပေ့ဆိုတဲ့ ဇာတ်လမ်းတွဲတွေရဲ့ကြားမှာ ညှပ်နေတာကြောင့်ပါပဲ။ နောက်ပြီး မင်းသားမင်းသမီးတွေကလည်း ပရိသတ်အသည်းကျော်တွေ မဟုတ်နေတာလည်း ပါပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲလေးက အချစ်ဟာသ ဇာတ်လမ်းလေးဖြစ်သလို အရမ်းကိုသာယာလှပလွန်းတဲ့ ကျွန်းတစ်ကျွန်ပေါ်မှာ ရိုက်ကူးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးနဲ့ အရမ်းကိုကြည့်ကောင်းပါတယ်။

 

မင်းသားမင်းသမီးတွေကလည်း အရမ်းနာမည်ကြီးတွေ မဟုတ်ပေမယ့်လို့ ပရိသတ်တွေ ရင်းနှီးနေတဲ့ သူတွေပါပဲ။ မင်းသားကတော့ ဒုတိယမင်းသားနေရာတွေကနေ အများဆုံးပါဝင်ထားခဲ့ဖူးတဲ့ ဝါရင့်မင်းသားချော Kim Ji Suk ပါ။ မင်းသမီးကတော့ ပရိသတ်တွေ လုံးဝရင်းနှီးနေမှာပါ။ Running Man က Jeon So Min ပါ။

 

ဒါဆိုရင်တော့ ဇာတ်လမ်းအကျဉ်းလေးကို ဆက်ပြောရအောင်နော်။ ဇာတ်လမ်းကတော့ ဒီလိုပါ အရမ်းမောက်မာလွန်းပြီး တစ်လောကလုံး သူ့လုပ်စာထိုင်စားနေသလို အချိုးမျိုးနဲ့ လူကိုလူလို မဆက်ဆံတတ်တဲ့ နိုင်ငံကျော်ရုပ်ရှင်မင်းသား Yoo Baek က သူမွှေနှောက်ထားတဲ့ ပြသာနာတွေကြောင့် လူသူအရောက်ပေါက်နည်းပြီး သီးခြားကမ္ဘာလေးလိုဖြစ်နေတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရက်အနည်းငယ်လောက် အပို့ခံလိုက်ရပါတယ်။

 

ဒီကျွန်းကို ရောက်သွားချိန်မှာ Yoo Baek အတွက် ဘယ်အရာမှ အဆင်မပြေနိုင်ခဲ့သလို သူတစ်ခါမှ မဆုံဖူးတဲ့ မိန်းကလေးမျိုးနဲ့ ဆုံစည်းလိုက်ရချိန်မှာ…ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာ ဒီဇာတ်လမ်းတွဲကိုပဲ ဆက်ကြည့်ရင်း အဖြေရှာကြည့်ရအောင်လားဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *