ကြည့်ပြီးရင် တစ်ကိုယ်လုံးအရည်ပျော်သွားလောက်အောင် ချစ်ဖို့ကောင်းတဲ့ ‘Pandas’ ရဲ့ Trailer

Pandas_2018_Warner_Bros_IMAX

Warner Bros က Justice League မှာကွဲခဲ့သမျှကို အဖတ်ပြန်ဆယ်မယ့် သူ့ရဲ့လျှို့ဝှက်လက်နက်ကို ထုတ်ပြလိုက်ပါပြီ…

 

လူတစ်ချို့ကတော့ ပြောနေကြပါတယ်.. Warner Bros က Justice League မှာရှုံးခဲ့သမျှ ဒီရုပ်ရှင်နဲ့ပြန်သိမ်းကျုံးယူမှာတဲ့..

 

နောက်ပြောင်ပြီးပြောနေတာ အသိသာကြီးဖြစ်ပေမယ့် ဒီနေ့ထုတ်ပေးလိုက်တဲ့ ဒီ Trailer လေးကို ကြည့်ပြီးချိန်မှာတော့ ဒါကြီးကတကယ်ဖြစ်နိုင်တယ်ဟ ဆိုပြီး ဇဝေဇဝါတောင် ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်များလည်း… တမုန်းကို ချစ်စရာကောင်းလွန်းလို့ပါ ?

 

ပန်ဒါဆိုတဲ့ အိပ်ရေးမဝတဲ့ရုပ်နဲ့ သတ္တဝါလေးတွေက ဘယ်လိုချစ်ဖို့ကောင်းလို့ကောင်းမှန်းကို မသိတာပါ။ လူတွေကြိုက်မှန်းသိလို့လည်း Warner Bros က IMAX နဲ့ပေါင်းပြီး တစ်ကားလုံး ပန်ဒါတွေချည်းပဲပါတဲ့ Documentry ပြေးရိုက်လိုက်ပါတယ်။ ဒီ Documentry မှာ သိပ္ပံပညာရှင်တွေက တိရစ္ဆာန်ရုံမှာမွေးတဲ့ ပန်ဒါလေးတွေကို တောအုပ်ထဲပြန်လွှတ်ပြီး သဘာဝအတိုင်းသားပေါက်စေမယ့် စမ်းသပ်မှုတစ်ခု ပြုလုပ်ကြတာကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုအတွက် လူတွေလက်ထဲမှာပေါက်ဖွားခဲ့တဲ့ Qian Qian ဆိုတဲ့ ပန်ဒါပေါက်လေးကို ရွေးချယ်ခဲ့ပါတယ်။ သူမဟာ လူတွေလက်ထဲမှာကြီးပြင်းလာခဲ့တဲ့အတွက် အပြင်မှာရှင်သန်နေထိုင်ဖို့ ချက်ချင်းအသားကျနိုင်မှာမဟုတ်ပါဘူး.. အခက်အခဲတွေတွေ့မှာ သေချာပေါက်ပါပဲ။ Qian Qian ကို စီချွမ်နယ်က တောအုပ်ကြီးထဲကို လွှတ်ပေးလိုက်ပြီး သူမ သဘာဝတရားကြီးနဲ့ ပထမဆုံးအကြိမ်ထိတွေ့တာတွေကို IMAX ကင်မရာတွေနဲ့ လိုက်လံမှတ်တမ်းတင်ထားပြီး ဒီ Documentry ကိုဖန်တီးခဲ့တာဖြစ်ပါတယ်။

 

Pandas_2018_Warner_Bros_IMAX
© 2018 Warner Bros. Entertainment

 

Qian Qian လေးကပဲချစ်ဖို့ကောင်းတာလား… “There is More” လို့ဖြေရမှာပါ။ ဒီ Documentry မှာ Frozen ကာတွန်းထဲက Princess Anna ရဲ့အသံသရုပ်ဆောင် Kristen Bell က နောက်ခံစကားပြောပြီး ရုပ်ရှင်ကြည့်ပရိသတ်တွေကို Qian Qian လေးရဲ့ စွန့်စားခန်းတွေနဲ့ မိတ်ဆက်ပေးသွားဦးမှာပါ။ အဲဒီတော့ မြင်ရတာလည်း ချစ်ဖို့ကောင်း.. ကြားရတဲ့အသံကလည်း ပီတိဖြာဖွယ်လေးတွေဆိုတော့ အီဖေကိုယ် အရည်မပျော်ခံနိုင်ရိုးလား။

 

ဖွဲ့ဖွဲ့နွဲ့နွဲ့ဆက်ပြောမနေတော့ပါဘူး.. အောက်က Trailer ကိုကြည့်ပြီး ကိုယ်တိုင်သာခံစားကြည့်လိုက်ပါ။ Pandas ကို IMAX နဲ့ IMAX 3D ရုံတွေမှာ ဧပြီ ၆ ရက်နေ့ကစပြီး ပြသသွားမှာဖြစ်ပါတယ်။ IMAX သီးသန့်ဆိုတော့ ဒီမှာကြည့်ရဖို့ သိပ်မသေချာဘူးလို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် Physical Release ထုတ်ရင်တော့ ဒီချစ်ဖို့အင်မတန်ကောင်းတဲ့ရုပ်ရှင်လေးကို ခံစားလို့ရနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *