DUI အမှုနဲ့ အဖမ်းခံလိုက်ရတဲ့ မင်းသား Vince Vaughn

ဟောလီးဝုဒ် star တစ်ယောက်ဖြစ်တဲ့ မင်းသား Vince Vaughn ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစောပိုင်းကြီးမှာ ရဲတွေဖမ်းတာကို ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါတွင်မကသေးဘဲ တရားရုံးရဲ့ မှတ်တမ်းတွေအရ သူဟာ ဒေါ်လာ ၅၀၀၀ ကိုလည်း ဒဏ်ငွေအဖြစ် ပေးဆောင်ရလိမ့်ဦးမယ်လို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်။ The Hollywood မီဒီယာက သတင်းထောက်တစ်ဦးကို Manhattan ကမ်းခြေ ရဲဌာနက Sgt. Matt Sabosky ဆိုသူရဲ့ ပြောပြချက်အရဆိုရင်…

ရဲတွေဟာ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Vaughn ကို ကားတွေရဲ့ DUI စစ်ဆေးရာ နေရာတွေထဲက တစ်နေရာဖြစ်တဲ့ California က Hermosa ကမ်းခြေနားမှာ ဖမ်းမိခဲ့တာပါ။ ဖမ်းမိတဲ့အချိန်က (စနေည) တနင်္ဂနွေမနက်အစောပိုင်းဖြစ်တဲ့ မနက်တစ်နာရီအချိန်လောက်ကြီးမှာပဲ ဖြစ်ပါတယ်။ TMZ မီဒီယာရဲ့ တင်ဆက်မှုအရလည်း Vaughn ဟာ ရဲတွေက သူ့ကားကို ဖမ်းမိတဲ့အချိန်မှာ ကားထဲကထွက်ဖို့ ငြင်းဆန်ခဲ့သလို ရဲတွေမေးတာကိုလည်း ကောင်းကောင်းမွန်မွန် မဖြေခဲ့ပါဘူးလို့ သိရပါတယ်။ ပြီးတော့ သူ့ကားပေါ်မှာ ပါလာသေးတဲ့ (သူ့ဘော်ဒါလို့ထင်ရတဲ့) လူတစ်ယောက်ကလည်း မူးယစ်ဆေးဝါးတစ်ခုခုကို သုံးစွဲထားပုံရသလို Wedding Crashers ဇာတ်ကားထဲက Star တစ်ယောက်ဖြစ်တဲ့ Vaughn ကိုယ်တိုင်ကလည်း အဲဒီလူလိုပဲ ဖြစ်နေပုံရတယ်လို့ ဆိုကြပါတယ်။

တကယ်တော့ DUI ဆိုတဲ့ စကားသုံးလုံးရဲ့ အရှည်ကောက်က Driving Under the Influence ပါ။ ၀မ်းနည်း၊ ၀မ်းသာ၊ ဒေါသထွက် စတဲ့ စိတ်အခြေအနေတွေကြောင့်ပဲ ဖြစ်စေ၊ မူးယစ်ဆေးဝါး… စတာတွေကြောင့်ပဲဖြစ်စေ လွှမ်းမိုးမှုတစ်ခုခုအောက်မှာ ကားကိုအမြန်မောင်းခြင်းလို့ အဓိပ္ပါယ်ပြန်ရင် ရနိုင်လိမ့်မယ် ထင်ပါတယ်။ Manhattan ကမ်းခြေ ရဲဌာနကလည်း သူတို့ကို တမင်သက်သက် ဘလိုင်းကြီးဖမ်းခဲ့တာ မဟုတ်ပါဘူး။ မဆင်မခြင်မောင်းတဲ့ ကားတွေကို ဘယ်နေရာတွေမှာ စစ်ဆေးမယ်ဆိုတာကို သူတို့ရဲ့ Facebook စာမျက်နှာထက်မှာ ကြိုတင်ပြီး တရားဝင်ကြေငြာထားပြီးသားဖြစ်သလို သူတို့ကို ဖမ်းမိတဲ့နေရာဟာလည်း ကြောငြာထားတဲ့ နေရာတွေထဲမှာ ပါပြီးသားလို့ သိရပါတယ်။ ဖမ်းမယ့်အချိန်ကိုလည်း စနေနေ့ည ၈ နာရီကနေ တနင်္ဂနွေမနက်အရုဏ် ၃ နာရီအထိလို့ အတိအကျ ကြေငြာခဲ့သေးတာပါတဲ့လေ။

ဒီလို အဖြစ်အပျက်ဟာ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုသာ ဖြစ်နေခဲ့မယ်ဆိုရင် Vaughn နဲ့ သူ့ဘော်ဒါတို့အတွက် ပြဿနာ သိပ်ရှိလိမ့်မယ် မထင်ရပါဘူး။ ဒါပေမဲ့ ပြင်ပလောကမှာတော့ ဥပဒေဆိုတာဟာ မသိနားမလည်လို့ အပြစ်ကျူးလွန်မိရင်လည်း (သူတို့နိုင်ငံတွေမှာ) ဘယ်သူဘယ်ဝါရယ်လို့ သိပ်ရွေးမနေဘဲ ခွင့်မလွှတ်တတ်တာဆိုတော့ ခုလို အဖမ်းခံရတော့တာပဲ ဖြစ်ပါတယ်။ Vaughn အနေနဲ့ ရဲတွေဘာတွေနဲ့ပတ်သတ်ပြီး အခုလိုရင်ဆိုင်ရတာဟာ ပထမဦးဆုံးအကြိမ် မဟုတ်ဘူးလို့လည်း သိရပါတယ်။ ပထမအကြိမ်အဖြစ် ရဲတွေနဲ့ သူရင်ဆိုင်ခဲ့ရတာကတော့ ၂၀၀၁ ခုနှစ်တုန်းကပါ။ အဲတုန်းက သူဟာ (John Travolta လည်း ပါ၀င်တဲ့) Domestic Disturbance ဆိုတဲ့ ဇာတ်ကားကို North Carolina က Wilmington မှာ ရိုက်ကူးနေတုန်းလို့ ဆိုကြပါတယ်။

အဲဒီမြို့မှာ ဇာတ်ကားရိုက်နေရင်းနဲ့ တစ်ညမှာ Vaughn ဟာ ဇာတ်လမ်းထဲမှာ သူနဲ့အတူတွဲသရုပ်ဆောင်ရတဲ့ Steve Buscemi ဆိုတဲ့လူနဲ့ မြို့ထဲက ဘားတစ်ခုကိုသွားရင်း ဘားထဲက လူတချို့နဲ့ ရုတ်ရုတ်သဲသဲ ရန်ပွဲတစ်ခုကို ဆင်နွှဲခဲ့ဖူးသေးတာပဲ ဖြစ်ပါတယ်။ အဲဒီ ရန်ပွဲကြောင့် Steve Buscemi ဟာ အချွန်တစ်ခုနဲ့ အထိုးခံလိုက်ရသလို Vaughn ကတော့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ အဖမ်းခံလိုက်ရပြီး ဒဏ်ငွေဆောင်လိုက်ရတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ဖူးကြပါတယ်။        ။

Leave a Reply

Your email address will not be published. Required fields are marked *