တကယ် အသက်ဝင်လာတော့မယ့် ကာတွန်းဇာတ်ကောင်မလေး Mulan

ကမ္ဘာကျော် ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Walt Disney Studio ဟာ ၁၉၉၈ ခုနှစ်တုန်းက အမျိုးသမီး လူစွမ်းကောင်းမလေး Mulan ရဲ့ အကြောက်အရွံ့ကင်းမဲ့တဲ့ စွန့်စားခန်း ကာတွန်းကားလေးတစ်ကားကို ရိုက်ကူး ထုတ်လုပ်ခဲ့ဖူးပါတယ်။ နောက်… ၂၀၀၄ ခုနှစ်မှာလည်း ပထမဇာတ်ကားကို အခြေခံပြီး ဒုတိယမြောက် Mulan II ဇာတ်ကားလေးကို (ကာတွန်းကားလေးအနေနဲ့ပဲ) ရိုက်ကူး ထုတ်လုပ်ခဲ့ပြန်ပါသေးတယ်။

အခုတော့ Walt Disney Studio ဟာ သူတို့ရဲ့ Mulan ဆိုတဲ့ ကာတွန်းဇာတ်ကားလေးတွေကို တကယ့်လူအစစ်တွေ၊ သက်ရှိတွေနဲ့ စတင် ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နှစ်တွေအကြာကြီး ရှာခဲ့ရပြီးတဲ့ နောက်ပိုင်းမှာတော့ အဓိကဇာတ်ဆောင် Mulan ရဲ့နေရာမှာ သရုပ်ဆောင်ရမယ့် မင်းသမီးကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

 

 

Mulan အဖြစ် သရုပ်ဆောင်မယ့် မင်းသမီးကတော့ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နေပြီဖြစ်တဲ့ အသက် ၃၀ နှစ်အရွယ် တရုတ်လူမျိုး အဆိုတော်/ မော်လ်ဒယ်လ်/ သရုပ်ဆောင်မင်းသမီး Liu Yifei ပဲ ဖြစ်ပါတယ်တဲ့။ အဲဒီအကြောင်းကို Walt Disney Studio က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သူတို့ရဲ့ တရားဝင် မီဒီယာ စာမျက်နှာတွေပေါ်ကနေပြီး ပရိသတ်တွေကို အသိပေး မိတ်ဆက်ခဲ့ပါတယ်။

 

 

“Mulan ကတော့ ယောကျာ်းလေးယောင်ဆောင်ပြီး တရုတ်ပြည်မြောက်ပိုင်းသားတွေကို အကြောက်အရွံ့ကင်းမဲ့စွာ စွန့်စား ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ ချီးကျူးစရာ အမျိုးသမီးလေး တစ်ယောက်ပါပဲ။ သူမဟာ လေးစားစရာကောင်းတဲ့ ဂုဏ်သရေရှိ စစ်သည်တော်ကြီးတစ်ယောက်ရဲ့ သမီးအကြီးဆုံးလည်း ဖြစ်ပါတယ်။ ပြီးတော့ သူမဟာ နတ်မိမယ်လေးတစ်ပါးလို သွက်လက်ဖျတ်လတ်ပြီး ဆုံးဖြတ်ချက်ကောင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် ချမှတ်နိုင်တဲ့ လူငယ်အမျိုးသမီးလေး တစ်ယောက်ပါ”

တကယ့်လူတွေ ပါ၀င်သရုပ်ဆောင်ကြမယ့် Mulan ဇာတ်ကားကို တရုတ်ပြည်နဲ့ နယူးဇီလန်နိုင်ငံတွေဘက်မှာ သွားရောက် ရိုက်ကူးမှာဖြစ်ကြောင်း Walt Disney Studio ရဲ့ ကြေညာချက်အရ သိရပါတယ်။ ဒီဇာတ်ကားလေးကို ရိုက်ကူးမယ့် ဒါရိုက်တာကတော့ Niki Caro ပဲ ဖြစ်ပါတယ်။ ပြီးတော့ Jet Li, Gong Li စတဲ့ တခြား နာမည်ကျော်တွေကလည်း ဒီဇာတ်ကားလေးထဲမှာ ပါ၀င်သရုပ်ဆောင်ဦးမှာ ဖြစ်ပါတယ်။

 

Walt Disney Studio ဟာ Alice in Wonderland, Beauty and the Beast, Cinderella, The Jungle Book နဲ့ Sleeping Beauty အစရှိတဲ့ ဇာတ်ကားလေးတွေကို ကာတွန်းဇာတ်ကောင်လေးတွေကနေတစ်ဆင့် တကယ့်လူအစစ်တွေနဲ့ ပြောင်းလဲရိုက်ကူး ပြီးခဲ့ပါပြီ။ နောက်… ကာတွန်းကားကနေပြီး တကယ့်သက်ရှိတွေနဲ့ ပြောင်းလဲရိုက်ကူးထားတဲ့ Mary Poppin ဇာတ်ကားလေးဟာလည်း လာမယ့် ဒီဇင်ဘာလထဲကျရင် ထွက်ရှိလာတော့မှာပါ။

ဒါတွင်မကသေးပါဘူး။ Dumbo နဲ့ Aladdin ဆိုတဲ့ ကာတွန်းကားလေးတွေကိုလည်း တကယ့်လူတွေ၊ သက်ရှိတွေနဲ့ အသစ်ပြန်လည် ရိုက်ကူးနေခဲ့ပါပြီ။ အဲဒီ ဇာတ်ကားလေးနှစ်ကားကို နောက်နှစ် ၂၀၁၉ မတ်လနဲ့ မေလတွေထဲမှာ ကြည့်ရှုနိုင်ကြတော့မှာပဲ ဖြစ်ပါတယ်။ Liu Yifei အဓိက သရုပ်ဆောင်မယ့် Mulan ဇာတ်ကားကိုတော့ ၂၀၂၀ မတ်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသနိုင်အောင် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *