၉၀ ခုနှစ်တွေတုန်းက ‘Black Panther’ ရုပ်ရှင်ထွက်ဖို့အလားအလာရှိခဲ့တယ်လို့ Wesley Snipes ကထုတ်ဖော်ပြောကြား

လာမယ့်ဖေဖော်ဝါရီ ၁၆ ရက်နေ့ဆိုရင် အားလုံးကစောင့်မျှော်နေကြတဲ့ Wakanda နိုင်ငံဘုရင် Black Panther ရဲ့ရုပ်ရှင် ထွက်ရှိလာတော့မှာပါ။ ဒီရုပ်ရှင်ဟာ ၂၀၁၈ နှစ်ရဲ့ အစောင့်မျှော်ခံရဆုံး ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး သူ့ရဲ့ကြိုတင်လက်မှတ်ရောင်းချရနှုန်းဟာ Superhero ရုပ်ရှင်အားလုံးထဲမှာ အမြင့်ဆုံးဖြစ်လာပါတယ်။ Black Panther ရုပ်ရှင်ရော Marvel အတွက်ပါ ဝမ်းသာစရာသတင်းတစ်ခုပါပဲ။

 

ဒါပေမယ့် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်လောက်တုန်းက အခြေအနေတွေက ဒီလိုမျိုးမဟုတ်ခဲ့ပါဘူး။ အဲဒီအချိန်တုန်းက Black Panther ရုပ်ရှင်ဖန်တီးဖို့ကြိုးစားခဲ့တဲ့ Blade ရုပ်ရှင်ရဲ့မင်းသား Wesley Snipes က အဲဒီအချိန်တုန်းက Black Panther ရုပ်ရှင်ထွက်ပေါ်လာရေးအတွက် သူကြိုးစားခဲ့ရတာတွေကို THR ကို ပြောပြသွားခဲ့ပါတယ်။

 

၉၀ ခုနှစ်အလယ်ပိုင်းလောက်တုန်းက Snipes ဟာ Black Panther ရုပ်ရှင်နဲ့ပတ်သက်ပြီး Marvel ရဲ့ချဉ်းကပ်ခြင်းကိုခံခဲ့ရပါတယ်။ သူ့အနေနဲ့ ချက်ချင်းလိုလိုပဲ Black Panther ဇာတ်ကောင်အပေါ်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ Snipes က Black Panther အပေါ် သူ့ရဲ့အြမင်ကို အောက်ပါအတိုင်းပြောပြသွားခဲ့ပါတယ် ~

“Black Panther ဇာတ်ကောင်က ကျွန်တော့်ကိုစကားပြောတယ်လို့ခံစားခဲ့ရတယ်.. သူ့စိတ်ဓာတ်ဟာမြင့်မြတ်ကောင်းမွန်တယ်.. ပြီးတော့ သူ့ဇာတ်ရုပ်က ပုံမှန်မြင်နေကျ hero ဇာတ်ရုပ်တွေထဲကနေ လုံးဝကွဲထွက်နေတယ်.. ဇာတ်လမ်းတစ်ခုလုံးဟာလည်း လူတွေသိပ်မသိကြတဲ့ အာဖရိကလူမျိုးတွေရဲ့သမိုင်း၊ သူတို့ရဲ့နိုင်ငံ၊ ယဉ်ကျေးမှုတွေကို သရုပ်ဖော်ပြသထားခဲ့တဲ့အတွက် ထူးထူးခြားခြားလေးဖြစ်နေခဲ့တယ်.. ဒါဟာ အဲဒီအချိန်တုန်းက လူမည်းနဲ့လူဖြူအဖွဲ့အစည်းနှစ်ခုလုံး မမြင်ဖူးသေးတဲ့အရာတစ်ခုဖြစ်ခဲ့တယ်။”

 

ဒါပေမယ့် သူဘယ်လောက်ပဲ စိတ်အားထက်သန်ခဲ့တယ်ဆိုပေမယ့် တကယ်တမ်းစလုပ်တော့ အခက်အခဲတွေအများကြီးကြုံတွေခဲ့ရပါတယ်။ Black Panther comic ရဲ့ဖန်တီးရှင် Stan Lee ကအားပေးခဲ့ပေမယ့် ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းကလူကြီးတွေကတော့ သူတို့နဲ့အမြင်မတူခဲ့ပါဘူး။ သူတို့ဟာ Snipes ဖန်တီးချင်တဲ့ Black Panther ကို superhero ရုပ်ရှင်တစ်ကားလို့မမြင်ပဲ ၁၉၆၀ ခုနှစ်တွေတုန်းက Civil Rights လှုပ်ရှားသူတွေဖြစ်ကြတဲ့ Black Panther Party အကြောင်းကိုရိုက်ကူးမယ်လို့ ထင်နေခဲ့ကြပါတယ်။

 

ကုမ္ပဏီကလူကြီးတွေနဲ့ပြောပြီးတော့ ဒါရိုက်တာရှာဖို့အချိန်ကျလာတော့လည်း ထင်ထားသလိုအဆင်မပြေခဲ့ပါဘူး။ အဲဒီအချိန်တုန်းက တက်သစ်စလူမည်းဒါရိုက်တာတစ်ဦးဖြစ်တဲ့ John Singleton နဲ့တွေ့ဆုံဆွေးနွေးခဲ့တာကလည်း အဆင်မပြေရေးချမပြေခဲ့ပြန်ပါဘူး။

“Black Panther ရုပ်ရှင်ကို ကျွန်တော်က နည်းပညာထွန်းကားတဲ့ အနာဂတ်လွန် အာဖရိကနိုင်ငံတစ်ခုအဖြစ် စိတ်ကူးထားခဲ့တာဗျ.. ဒါပေမယ့် John ရဲ့အမြင်ကအဲလိုမဟုတ်ခဲ့ဖူး။ John က Black Panther ကို Civil Rights လှုပ်ရှားမှုတွေကြားထဲမှာဇာတ်အိမ်ဆင်ချင်ခဲ့တာ။ သူ့မှာက Black Panther စိတ်ထားအပြည့်ရှိမယ်.. ဒါပေမယ့်သူက သူ့သားကို Civil Rights အဖွဲ့ထဲဝင်စေချင်တယ်.. အဲဒီတော့ သားအဖနှစ်ယောက်ကြားမှာပြဿနာတွေတက်ကြရော.. ဒီလိုနဲ့ အမြင်မတူတဲ့သားအဖ နှစ်ယောက်ကြားမှာ ဖြစ်လာတဲ့ အားပြိုင်မှုတွေကိုရိုက်ပြချင်တာ။”

Snipes အနေနဲ့ John ရဲ့ ဒီဇာတ်လမ်းအပေါ်နားလည်ပုံကိုနားထောင်ပြီး တော်တော်လန့်သွားခဲ့တယ်လို့ဆိုပါတယ်။ သူလိုချင်တဲ့ ခေတ်လွန်လက်နက်တွေ၊ လူ့အဖွဲ့အစည်းတွေတစ်ခုမှမပါဝင်တဲ့ ဇာတ်ကားတစ်ခုကိုတော့ သူ့အနေနဲ့လက်မခံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီလိုအမြင်မတူလို့ ဇာတ်ကားမရိုက်ဖြစ်ခဲ့တာကလည်း ကံကောင်းတယ်လို့မှတ်ယူကြောင်း Snipes ကပြောသွားပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့အနေနဲ့ ဒီလောက်ကျယ်ပြန့်ပြီးအလားအလာရှိတဲ့ project တစ်ခုကို အဲဒီလိုမျိုးအဆုံးမသတ်သွားစေချင်လို့ဖြစ်တယ်လို့ဆိုပါတယ်။

 

ဒီ project နဲ့ပတ်သက်ပြီး ခေါင်းစားခဲ့ရတာက ဒါရိုက်တာနဲ့ဇာတ်ညွှန်းတွေတင်မကပါဘူး.. Black Panther ဇာတ်ကောင်ရဲ့ဝတ်စုံလည်းပါဝင်တယ်လို့ Snipes ကပြောကြားထားပါသေးတယ်။ သူအဲဒီအချိန်တုန်းက စိတ်ကူးထဲရှိခဲ့တဲ့ဝတ်စုံအကြောင်းကို အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ် ~

“ကျွန်တော် Black Panther ရဲ့ဝတ်စုံကို အကသမားတွေဝတ်တဲ့ Leotard လို့စဉ်းစားထားခဲ့တာ.. ပြီးတော့ ကြောင်နားရွက်သေးသေးလေးတွေလည်းပါမှာပေါ့.. ကိုယ့်ကိုယ်ကိုယ် နည်းနည်းပုံစံကျအောင်လေ့ကျင့်ပြီး Leotard နဲ့ ကြောင်နားရွက်ဝတ်လိုက်ရင် ပြည့်စုံသွားပြီလို့ယူဆထားခဲ့တာ။”

 

Snipes က နောက်ဆုံးမှာ ဘာကြောင့် ဒီဇာတ်ကားမရိုက်ဖြစ်ခဲ့ကြောင်းကို “ဇာတ်ညွှန်းကလည်းအဆင်မပြေ.. ဒါရိုက်တာကလည်းအဆင်မပြေ.. အဆိုးဆုံးကတော့ comic ထဲမှာပါဝင်တဲ့ Wakanda နိုင်ငံကိုပုံဖော်နိုင်မယ့် ရိုက်ကူးရေးနည်းပညာတွေလည်းမရှိတာပါပဲ” လို့ပြောကြားသွားခဲ့ပါတယ်။

 

အချိန်တွေအများကြီးပေးခဲ့ရပြီး ဘာမှမဖြစ်လာခဲ့လို Snipes တစ်ယောက်အားမလျော့သွားခဲ့ပါဘူး။ Black Panther project အတွက်ကြိုးစားရင်းရရှိခဲ့တဲ့အတွေ့အကြုံတွေကို Blade ရုပ်ရှင်အတွက်အသုံးပြုခဲ့ပြီး Blade ဟာ Marvel ရဲ့ပထမဆုံးအောင်မြင်တဲ့ superhero ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ Blade ရဲ့အောင်မြင်မှုဟာ အဲဒီအချိန်တုန်းက ဒေဝါလီခံရလုဆဲဆဲ Marvel ကို ချောက်နှုတ်ခမ်းပါးကနေ ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ အဆိုးထဲက အကောင်းလို့ဆိုရမှာပဲဖြစ်ပါတယ်။ Snipes ရဲ့ လက်ရှိအချိန်အခြေအနေကိုမေးမြန်းချိန်မှာတော့ သူ့အနေနဲ့ Marvel ဇာတ်ကားတွေထဲမှာပြန်လည်ပါဝင်လိုပြီး Blade 4 ထုတ်လုပ်မယ်ဆိုရင် သူ့အနေနဲ့ ခေါင်းငြိမ့်မိမှာအသေအချာပါပဲလို့ ပြောကြားသွားခဲ့ပါတယ်။

 

Ref: The Hollywood Reporter

Movie News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *