Mark Hamill က Guardians of The Galaxy Vol.3 မှာ ပါဝင်သရုပ်ဆောင်တော့မှာလား

Social Media ပေါ်မှာ တလွဲတွေချည်းမြင်နေရလို့စိတ်ပျက်မိတဲ့အခါတွေလည်းရှိမှာပါ။ ဒါပေမယ့် မနေ့က Twitter ပေါ်မှာဖြစ်သွားခဲ့တဲ့ Star Wars မင်းသားကြီး Mark Hamill နဲ့ Guardians of The Galaxy ဒါရိုက်တာ James Gunn တို့ကြားက conversation လေးကတော့ Social Media ရဲ့ကောင်းကွက်လေးတွေထဲကတစ်ခုပဲဖြစ်ပါတယ်။

 

ဖြစ်ပုံလေးကဒီလိုပါ.. ရုပ်ရှင်ချစ်သူတစ်ဦးက James Gunn ကို သူလက်ရှိဖန်တီးနေတဲ့ Guardians of The Galaxy Vol.3 မှာ Mark Hamill ကိုထည့်သွင်းရိုက်ကူးဖို့တောင်းဆိုခဲ့တာပါ။ Hamill ရဲ့ပရိသတ်တွေအနေနဲ့ကတော့ သူတို့ချစ်တဲ့သရုပ်ဆောင်ကြီးကို နောက်ထပ် Blockbuster ရုပ်ရှင်တွေမှာ မြင်တွေ့လိုတာမဆန်းပါဘူး။ ဆန်းတာက အဲဒီလိုတောင်းဆိုထားတဲ့ tweet ကို James Gunn က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ သူ့ရဲ့ reply tweet ထဲမှာ Hamill ရဲ့နေအိမ်က သူ့နေအိမ်နဲ့မလှမ်းမကမ်းမှာဆိုတော့ သူတို့နှစ်ယောက် ကော်ဖီလေးဘာလေးသောက်ရင်း ဒီအကြောင်းပြောလို့ရတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Mark Hamill ကလည်း ဒီ tweet thread ထဲကိုဝင်ရောက်လာခဲ့ပြီး James Gunn ရဲ့ ကော်ဖီသောက်ရင်းစကားပြောမယ့်ကိစ္စကိုလက်ခံကြောင်း မီးစိမ်းပြခဲ့ပါတယ်။ သူ့အနေနဲ့ အိမ်နီးချင်းကောင်းတစ်ယောက်အနေနဲ့ရော အလုပ်လက်မဲ့ဖြစ်နေတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်အနေနဲ့ပါ ဒီဖိတ်ကြားချက်ကိုလက်ခံတာဖြစ်ကြောင်း နောက်ပြောင်ပြီးဖြေကြားခဲ့တာဖြစ်ပါတယ်။

Mark Hamill ရဲ့ reply ကိုလည်းမြင်ရော James Gunn က လုပ်လိုက်ကြရအောင်ဆိုပြီး အားတက်သရောပြန်ဖြေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Mark Hamill က James Gunn တစ်ယောက် ဒီကိစ္စကို serious ဖြစ်တယ်ဆိုရင် သူ့ရဲ့လိပ်စာနဲ့ ဆက်သွယ်လို့ရမယ့်နံပါတ်တွေကို direct message ပို့ပြီးမေးပါဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ message ပို့ဖို့အတွက် Mark Hamill က James Gunn ရဲ့ twitter account ကို follow လုပ်ခဲ့ပါတယ်။

ကဲ.. Twitter ကျေးဇူးနဲ့ Mark Hamill တစ်ယောက် GoTG 3 မှာ ပါဝင်နိုင်ဖို့လမ်းစတွေပေါ်လာပါပြီ။ GoTG 3 ဟာ ၂၀၂၀ ကျမှထွက်မှာဖြစ်လို့ အခုအချိန်မှာ ဇာတ်ညွှန်းဖန်တီးပြီး သရုပ်ဆောင်ရွေးချယ်ဖို့ပြင်ဆင်နေဆဲအချိန်ဖြစ်ပါတယ်။ တကယ်လို့သာ Mark Hamill နဲ့ James Gunn တို့ရဲ့ ကော်ဖီစကားဝိုင်းလေးသာ အဆင်ချောချောနဲ့ အဆုံးသတ်သွားခဲ့ရင် Hamill ကို GoTG 3 ထဲမှာ မြင်တွေ့ရင်မြင်တွေ့ရနိုင်ပါတယ်။ သူတို့နှစ်ယောက် လိပ်စာတွေလဲဖြစ်ခဲ့ကြသလား၊ စကားပြောဖို့ ချိန်းပြီးသွားကြပြီလား၊ နောက်နေတာလား၊ အတည်ပြောနေတာလားဆိုတာတွေက ကာယကံရှင်နှစ်ယောက်ပဲသိနိုင်မှာဖြစ်ပေမယ့် Twitter ကျေးဇူးနဲ့ ဒီနေ့တစ်ရက်စာ စိတ်ချမ်းသာစရာလေး ကြုံတွေ့ခဲ့ရတာတော့ အမှန်ပဲဖြစ်ပါတယ်။

 

Ref: Collider

Leave a Reply

Your email address will not be published. Required fields are marked *