လူ့လောကထဲက ရိုက်စားတွေအကြောင်း တွေ့မြင်ရမယ့် ရိုက်စား

ဒီလထဲမှာ ရုံတင်တဲ့ ဟာသကားတွေထဲမှာ ရိုက်စား ဆိုတဲ့ ဟာသရုပ်ရှင်ကားလည်း ပါဝင်ပါတယ်။ ခေါင်းဆောင် မင်းသား အနေနဲ့ ပြေတီဦး၊ မင်းသမီး စိုးမြတ်သူဇာတို့အပြင် အင်္ဂလန်နိုင်ငံသူမင်းသမီးလေး လစ်ဘီ လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဟာသ ဇာတ်ပို့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်လှိုင်၊ မိုးဒီ၊ ဗေလုဝ၊ ဧရာ တို့လည်း ပါဝင်အားဖြည့်သရုပ်ဆောင်ပေးထားကြပါတယ်။

 

ဒီဇာတ်လမ်းဟာ လောကအတွင်းမှာ လူတွေတစ်ယောက်နဲ့ တစ်ယောက် ရိုက်စားလုပ်ကြပုံ၊ ကတုံးပေါ်ထိပ်ကွက် လုပ်ကြပုံတွေကို တင်ပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ လူသိများခဲ့တဲ့အဖြစ်ပျက်တွေကို ဟာသဆန်ဆန် ရိုက်ကူးပြသထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဘယ်သူတွေနဲ့ ဘယ်လိုပေါင်း ၊ ဘယ်သူနဲ့ ဘယ်လို မိတ်ဖွဲ့၊ ဘယ်လို ဂွင်ဆင် ၊ ဂွင်ရိုက်၊ ဘယ်လို ကလိမ်ကကျစ် ကျရမလည်းဆိုတာကို လက်ရှိခေတ်အနေအထားအတိုင်း ချပြသွားတယ်လို့လည်း Press Show ပြသမှုကို ကြည့်ရှုဘူးသူတစ်ဦးက ပြန်လည် ညွှန်းဆိုထားတာဖြစ်ပါတယ်။

 

ပြေတီဦး နဲ့ ခင်လှိုင်တို့အတွဲ အဲဒီလိုလူတွေကြားမှာ ကတုံးပေါ်ထိပ်ကွက်၊ ဂျင်ပေါ်ကထုံး၊ သူများမျက်ခုံးမွှေးပေါ် စြင်္ကန်လျှောက်တာ တွေကို ပါးစပ်မစေ့ရအောင် ရယ်မောခံစားရင်းမြင်တွေ့ရမှာဖြစ်ပါတယ်တဲ့။ ဒါတင်ပဲလားဆိုတော့ မကသေးဘဲ အင်္ဂလန်သူ လစ်ဘီရဲ့ အလှအပ နဲ့ ကျော့ရှင်းတဲ့ ခန္ဓာကိုယ်အလှတွေကို ရှုမြင် မြင်တွေ့ခံစားကြရဦးမှာပါ။

 

ဒီဇာတ်လမ်းကို Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ကာ ဒါရိုက်တာမိုက်တီးက ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ဟိုယခင် ဗီဒီယိုခေတ်က ဒါရိုက်တာမိုက်တီး ကိုယ်တိုင်ရိုက်ကူးပြီး ကျော်ဟိန်း၊ ကွမ်းသီး၊ စိုးမြတ်သူဇာတို့ ပါဝင်ထားတဲ့ ဗီဒီယိုကားကို ပြန်လည်ရိုက်ထားတာဖြစ်တယ်လို့လည်း ပရိသတ်တွေကြား ဝေဖန်မှုတွေရှိနေပါတယ်။

 

ပရိသတ်ကြိုက်ဇာတ်လမ်းများစွာ ဖန်တီးထုတ်လုပ်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ မိုက်တီးရဲ့ ရုပ်ရှင်၊ ဝါရင့်သရုပ်ဆောင် ပြေတီဦး၊ စိုးမြတ်သူဇာ၊ ခင်လှိုင်တို့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ အင်္ဂလန်နိုင်ငံက မင်းသမီးချော လစ်ဘီက ဘယ်လိုဘယ်ပုံ သရုပ်ဆောင်မလဲ ဆိုတာသိချင်ရင်တော့ ၂၀၁၈ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသပေးသွားမယ်ဆိုတာကို မြန်မာရုပ်ရှင်ကြိုက်ပရိသတ်တွေအတွက် သတင်းကောင်းပါးလိုက်ပါတယ်နော်။

 

Leave a Reply

Your email address will not be published. Required fields are marked *