နာမည်ကျော်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Woody Allen ကိုကျွန်တော်တို့အထူးတလည်သတိထားမိစေတဲ့အကြောင်းကတော့သူ့ရုပ်ရှင်တော်တော်များများဟာအရမ်း Artistic ဖြစ်လွန်းပြီး reality ကနေဖောက်ထွက်နိုင်စွမ်းရှိတာကြောင့်ပါပဲ။ reality ကဖောက်ထွက်တယ်ဆိုတော့လည်း science- fictions တွေတော့လည်းမဟုတ်ပြန်ပါဘူး။ Woody Allen ရဲ့အဓိကအားသာချက်ကတော့ပုံမှန်ရုပ်ရှင်တွေရဲ့အခြေခံဇာတ်ကွက်တွေပဲဖြစ်တဲ့ဟာသတွေနဲ့အချစ်ဇာတ်လမ်းတွေကိုသူများနဲ့မတူအောင်တင်ဆက်နိုင်တာမျိုးပါ။ တချို့ရုပ်ရှင်တွေမှာတော့ Woody Allen ဟာအနည်းငယ်ကြောင်တယ်ထင်ရပေမယ့် Annie Hall, Manhattan နဲ့ Midnight in Paris လိုရုပ်ရှင်မျိုးတွေမှာတော့သူဟာရုပ်ရှင်လောကရဲ့အထွဋ်အထိပ်ဒါရိုက်တာတစ်ဦးဖြစ်ကြောင်းထင်ရှားနေပါတယ်။
Midnight In Paris ဟာဆိုရင် 2011 ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးအဓိကဇာတ်ဆောင်အနေနဲ့တော့ကျွန်တော်တို့ချစ်ရတဲ့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Owen Wilson ကပါဝင်ထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ကလည်း woody allen ရဲ့ထုံးစံအတိုင်း comedy ဖက်သန်းတဲ့ဇာတ်အိမ်ဖြစ်တဲ့အတွက် Wilson နဲ့အတော်လိုက်ဖက်တဲ့ character ဖြစ်ပါတယ်။ Wilson ရဲ့အမျိုးသမီးနေရာမှာသရုပ်ဆောင်ထားတာကလည်းကျွန်တော်တို့နဲ့မစိမ်းလှတဲ့မင်းသမီး Rachel McAdams ဖြစ်ပါ။
Wilson ဟာဒီဇာတ်ကားထဲမှာ inspiration ပျောက်နေတဲ့စာရေးဆရာတစ်ဦးနဲ့အဖြစ်စတင်ထားပြီးသူဟာသူ့အမျိုးသမီးဖြစ်တဲ့ Rachel နဲ့အတူ Rachel ရဲ့မိဘတွေရှိရာ Paris ကိုအပျော်ခရီးထွက်လာတာဖြစ်ပါတယ်။တကယ်တော့ Wilson ဟာ Rachel တို့ရဲ့ခရီးစဉ်မှာမပျော်လှပါဘူး။ Rachel ရဲ့မိဘတွေဟာကိန်းခန်းကြီးလွန်းတဲ့လူချမ်းသာတွေဖြစ်ကြပြီး Wilson ကိုလည်းအထင်သေးကြပါတယ်။အဲ့အတွက် Wilson က paris မှာတစ်ယောက်တည်းလျှောက်သွားရင်းမထင်မှတ်ထားတဲ့ဖြစ်ရပ်ဆန်းကြယ်တစ်ခုနဲ့ကြုံရပါတော့တယ်။အဲ့တာကတော့သူဟာရထားလုံးတစ်ခုနဲ့လိုက်ပါသွားရင်းပါရီမြို့ရဲ့ 1920 ခုနှစ်ကိုရောက်သွားတာပါပဲ။ Spoil မိသလိုဖြစ်မှာစိုးတာကြောင့်ကျွန်တော်အများကြီးတော့မပြောတော့ပါဘူး။ Wilson ရဲ့အချိန်နောက်ပြန်ခရီးမှာသူဆုံလိုက်ရတဲ့နာမည်ကျော်အချို့ကတော့ Ernest Hemingway, Scott Fitzgerald, Picasso, Dali, Paul Gauguin အစရှိတဲ့နာမည်ကြီးတွေအပြင်အခြား artist တော်တော်များများကိုလည်းထည့်သွင်းပုံဖော်ထားပါတယ်။
ပြောရရင်တော့ Midnight in Paris ဟာ woody allen ရဲ့လက်ရာတွေထဲမှာလစ်လျူရှူ့လို့မရတဲ့အကောင်းဆုံးရုပ်ရှင်တစ်ကားပါပဲ။ကားကလည်းထွက်တာအရမ်းမကြာသေးတဲ့အတွက်ရိုက်ချက်တွေဇာတ်ကွက်တွေအကုန်ကလည်းခေတ်မှီနေသေးလို့အချိန်ပေးကြည့်ရှူ့ဖို့အကြံပေးလိုက်ပါတယ်။