“Fantastic Beasts: The Crimes of Grindelwald” ရဲ့ ပထမဆုံး Trailer ထွက်ပြီ

fantastic-beasts-the-crimes-of-grindelwald_JYW0lo

ကြေညာထားတဲ့အတိုင်းပဲ ဒီနေ့မှာ Fantastic Beasts 2 ရဲ့ ပထမဦးဆုံး Full Trailer ထွက်ရှိလာပါပြီ။ Trailer ကိုကြည့်လိုက်ရတာ လပေါင်းများစွာစောင့်ဆိုင်းလာရတဲ့အမောတွေ တစ်ခါတည်းတန်းပျောက်သွားရလောက်အောင်ကို ကျေနပ်အားရမိပါတယ်။

 

Fantastic Beasts ဇာတ်လမ်းတွဲဟာ Harry Potter ရဲ့မှော်လောကကြီးနဲ့ ဆက်စပ်နေတယ်လို့ဆိုပေမယ့် ပထမဇာတ်ကားမှာတုန်းက Harry Potter ဇာတ်လမ်းနဲ့ တိုက်ရိုက်ကြီးဆက်နွယ်နေတာမျိုး မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် သင်မျှော်လင့်တောင့်တနေတာတွေက ဒုတိယဇာတ်ကားဖြစ်တဲ့ Fantastic Beasts: The Crimes of Grindelwald မှာလာပါပြီ။ ဒီတစ်ကြိမ်မှာတော့ Read More

ရသမျိုးစုံခံစားရစေမယ့် ‘Christopher Robin’ Teaser Trailer

တစ်ချိန်က “Hundred-Acre-Wood” မှာ သူ့သူငယ်ချင်းလေးတွေနဲ့ စိတ်လွတ်ကိုယ်လွတ် ဆော့ကစားခဲ့တဲ့ Christopher Robin လေးဟာ ဒီဇာတ်ကားထဲမှာတော့ အသက်တွေကြီးပြီး အရွယ်ရောက်လို့ ကိုယ်ပိုင်မိသားစုလေးနဲ့ဖြစ်နေပါပြီ။ လူ့လောကထုံးစံအတိုင်း မိသားစုအရေး၊ အလုပ်အကိုင်အရေးတွေကြောင့် Christopher Robin တစ်ယောက်လည်း အရင်လို စိတ်လွတ်ကိုယ်လွတ်မပျော်နိုင်တော့ပါဘူး။ သူ့ခမျာ ဇနီးသည်နဲ့သမီးလေးရှေ့မှာ ဟန်ဆောင်ပြုံးနေရပေမယ့် အတွင်းထဲမှာတော့ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားနေရရှာပါတယ်။ ဒီလိုအချိန်မှာ သူ့ကိုစိတ်သက်သာရာရကြောင်း ဖြေသိမ့်ပေးမယ့်သူတစ်ယောက်ပေါ်လာပါတယ်.. အဲဒါကတော့ ငယ်သူငယ်ချင်းလေး Winnie-the-Pooh ပဲဖြစ်ပါတယ်။

Read More

Fantasy ဇာတ်ကားကြိုက်သူတွေအတွက် “A Wrinkle in Time”

မှော်ဆန်ဆန်ရုပ်ရှင်တွေကြိုက်တဲ့ သူတွေအတွက် မကြာခင်ရုံတင်ပြသတော့မယ့် ဇာတ်လမ်းကတော့ A Wrinkle in Time ဆိုတဲ့ မှော်ဆန်ဆန်ဇာတ်ကားဘဲဖြစ်ပါတယ် 1962 novel A Wrinkle in Time (disambiguation) ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Meg Murry ဆိုတဲ့ကောင်မလေးက ပျောက်ဆုံးသွားတဲ့ အဖေ Alex ကိုရှာဖွေဖို့ရန် ဂြိုလ်နဲ့ပတ်သက်တဲ့ပညာတွေကို သင်ယူပြီးနောက် ဂြိုလ်အသစ်ကိုရှာဖွေတွေ့ရှိပြီးချိန်မှာတော့ ကောင်မလေးအပါဝင် သူမရဲ့ဉာဏ်အရမ်းကောင်းတဲ့ ကောင်လေးရယ် သူမရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ Calvin O’Keeffe တို့နဲ့အတူ astral travalers သုံးယောက်နဲ့ ဂြိုလ်ကိုသွားခဲ့ကြပါတယ်။ tralier ထဲမှာမြင်တွေ့ရသလောက်တော့ မှော်ကားဆိုပေမယ့် တော်တော်လေး adventure ဆန်တဲ့ ဇာတ်ကားလည်းဖြစ်တဲ့အတွက် adventure ကြိုက်တဲ့ ပရိသတ်တွေလည်း နှစ်သက်နိုင်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ A Wrinkle in Time ရဲ့ ရုံတင်မယ့် Release date ကတော့ March ၉ရက်နေ့ဖြစ်ပါတယ်။ 

‘Sword Art Online’ Live Action မှာ Asuna နဲ့ Kirito ဇာတ်ကောင်တွေကို အနောက်တိုင်းသရုပ်ဆောင်တွေ သရုပ်ဆောင်မှာမဟုတ်

အာရှဖက်ကရုပ်ရှင်တွေ၊ Anime တွေကို အနောက်တိုင်းကယူရိုက်မယ်လို့ကြားတိုင်း စိတ်ထဲကနေ အင်မတန်ကြောက်မိပါတယ်။ ကြောက်မိတဲ့အပြင် နှမြောလည်း နှမြောမိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဇာတ်လမ်းထဲမှာပါဝင်သမျှ ဇာတ်ကောင်တွေအားလုံးကို Whitewash (လူဖြူသရုပ်ဆောင်တွေနဲ့အစားထိုးခြင်း) လုပ်လုပ်ပစ်တဲ့အတွက်ပါ။ Whitewash လုပ်လိုက်ရင် နဂိုဇာတ်ကောင်တွေ.. အထူးသဖြင့် အာရှဖက်ကဇာတ်ကောင်တွေဆိုရင် သူ့ရဲ့အနှစ်သာရတစ်ချို့ ပျောက်သွားတော့ ကြည့်ရတာ ပေါ့ရွှတ်ရွှတ်နဲ့ နဂိုအရသာ လုံးဝကိုပြန်မရပါဘူး။

 

အဲဒီတော့ ၂၀၁၆ တုန်းက Sword Art Online ဇာတ်လမ်းကို Live Action ယူရိုက်မယ်လို့ကြားတုန်းက “ဟာ.. သွားပါပြီကွာ” လို့တောင် အသံထွက်ပြီးရေရွတ်ခဲ့မိပါတယ်။ ဘယ်သူတွေဘာပဲပြောပြော Sword Art Online ဟာ Isekai Trend (Trapped in a Parallel World Trend) ကို အခုလို popular ဖြစ်လာအောင် စတင်ခဲ့တယ်လို့တောင်ဆိုလို့ရတဲ့ Anime တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာနဲ့ အရမ်းကိုအောင်မြင်တဲ့ Anime ဆိုရင်လည်းမမှားပါဘူး။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း တော်တော်ကိုသဘောကျခဲ့တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဇာတ်လမ်းလေး Live Action မှာ ရစရာမရှိပျက်သွားမှာကို တော်တော်လေးကို စိုးရွံ့မိခဲ့တာပါ။ ဒါပေမယ့် အခုတော့ အဲဒီစိုးရိမ်စိတ်လေးတွေက အနည်းငယ်ပျက်ပြယ်စပြုလာပါပြီ။

 

Sword Art Online Live Action ရဲ့ Writer/Executive Producer ဖြစ်သူ Laeta Kalogridis က Collider နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့အနေနဲ့ Asuna နဲ့ Kirito ဇာတ်ကောင်တွေကို Whitewash ပြုလုပ်မှာမဟုတ်ပဲ အာရှသရုပ်ဆောင်တွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Kalogridis က အောက်ပါအတိုင်းပြောကြားသွားခဲ့ပါတယ် ~

 

“ကဲ.. အရေးအကြီးဆုံးကိစ္စကို အရင်ဆုံးရှင်းလိုက်ကြရအောင်။ SAO ဟာ ဂျပန်တွေပိုင်တဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Kirito နဲ့ Asuna တို့က ဂျပန်လူငယ်တွေပါ။ အဲဒီတော့ TV Series ထဲမှာ သူတို့နှစ်ယောက်ကို အာရှသရုပ်ဆောင်တွေကပဲ သရုပ်ဆောင်သွားမှာပါ။ ကျွန်မဒီ series ကို Netflix လက်ထဲထည့်လိုက်တုန်းက သူတို့ကလည်း ကျွန်မတွေးတဲ့အတိုင်းပဲ တွေးကြပါတယ်။ သူတို့ကလည်း ကျွန်မလိုပဲ ဒီ TV Series ထဲကဇာတ်ကောင်တွေကို Whitewash လုပ်ဖို့ စိတ်ကူးမရှိကြပါဘူး။ ဇာတ်လမ်းထဲမှာပါဝင်တဲ့ အချို့ဇာတ်ကောင်တွေ.. ဥပမာ Klein နဲ့ Agil တို့ဆိုရင် ဂျပန်လူမျိုးတွေမဟုတ်ကြပါဘူး.. အဲဒီတော့ သူတို့တွေအတွက် သင့်တော်တဲ့သရုပ်ဆောင်တွေထည့်သွင်းသွားမှာပါ။ ဒါပေမယ့် Kirito နဲ့ Asuna တို့ကတော့ သေချာပေါက် ဂျပန်လူမျိုးတွေ၊ အာရှအနုပညာကိုကိုယ်စားပြုတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့အတွက် အဲဒီအတိုင်းပဲ ရိုက်ကူးမှာဖြစ်ပါတယ်။ အဲဒီအချက်က အရေးအကြီးဆုံးပါပဲ။”

 

ဒီလိုလေးတွေကြားရတော့ နည်းနည်းတော့ ကျေနပ်မိသွားပါတယ်။ အနောက်တိုင်းရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ အမြင်တွေ ပြောင်းလဲလာတာကိုလည်း ဝမ်းသာမိပါတယ်။ ပြီးတော့ ဒီ TV Series ကိုဖန်တီးနေသူတွေကလည်း နှယ်နှယ်ရရတွေမဟုတ်တော့ အရည်အသွေးပိုင်းကို စိတ်ချလို့ရမယ်လို့လည်း မျှော်လင့်ချင်ပါတယ်။ Writer/Executive Producer ဖြစ်တဲ့ Laeta Kalogridis ဟာဆိုရင် ဒီနောက်ပိုင်းနာမည်ထွက်လာတဲ့ Altered Carbon TV Series ကိုဖန်တီးခဲ့သူဖြစ်ပါတယ်။ ပြီးတော့ Friday Night Lights မှာ Executive Producer အဖြစ်ပါဝင်ခဲ့တဲ့ Patrick Massett နဲ့ John Zinman တို့က Showrunner အဖြစ်တာဝန်ယူထားကြတာ ဖြစ်ပါတယ်။

 

Sword Art Online Live Action နဲ့ပတ်သက်တဲ့သတင်းတွေ ထပ်မံရရှိခဲ့ရင်လည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။ လောလောဆယ်တော့ ဒီဆောင်းပါးမှာဖော်ပြထားတဲ့အကြောင်းအရာကို ဘယ်လိုမြင်ကြပါသလဲ.. ဒုံရင်းဒုံရင်းလို့ပဲမြင်သလား.. ပိုကောင်းလာမယ်လို့မြင်သလား.. မိတ်ဆွေတို့ရဲ့အမြင်ကို comment box မှာချန်ထားခဲ့ကြပါလို့…

 

Ref: Collider

Update: ‘Game of Thrones’ Season 8 ထွက်မယ့်အချိန်ကို သူမပြောကြားခဲ့ခြင်းမရှိကြောင်း Maisie Williams ငြင်းဆို

ဒီနှစ်အစောပိုင်းတုန်းက Game of Thrones ရဲ့နောက်ဆုံး season ဖြစ်တဲ့ season 8 ကို ၂၀၁၉ ခုနှစ်ကျမှပြသမယ်ဆိုတဲ့သတင်းကို မချင့်မရဲနဲ့နားဆင်ခဲ့ကြရပါတယ်။ HBO ရဲ့ပြောကြားချက်အရ နောက်ဆုံး season ကိုအပျံစားဖြစ်စေချင်လို့ အချိန်တွေအများကြီးယူထားတာပါလို့ဆိုတဲ့အတွက် ၂၀၁၉ နှစ်ကုန်ပိုင်းမှများစတင်ပြသမလားဆိုပြီးလည်း သို့လောသို့လောနဲ့စိုးရိမ်ခဲ့ရပါတယ်။ ဒါပေမယ့် Arya Stark ရဲ့သရုပ်ဆောင် Maisie Williams ရဲ့ကျေးဇူးနဲ့ season 8 စတင်ပြသမယ့်ရက်ကိုသိရှိလိုက်ရပါပြီ။ သတင်းကတော့ သတင်းကောင်းပါ.. ဘာကြောင့်လည်းဆိုတော့ season 8 ကို အစဉ်အလာမပျက် ဧပြီလထဲမှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

 

Williams ဟာ Metro နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ အထက်ပါအကြောင်းအရာကိုပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။ သူမရဲ့အဆိုအရဆိုရင် ထုတ်လုပ်ရေးတွေကို ဒီဇင်ဘာလထဲမှာအဆုံးသတ်မှာဖြစ်ပြီး ၂၀၁၉ ဧပြီလကျရင် စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ သူတို့ Game of Thrones အဖွဲ့သားတွေအနေနဲ့ ဇာတ်လမ်းတွဲကြီးရဲ့နောက်ဆုံးအပိုင်းတွေကို အလောတကြီးမလုပ်ချင်ကြတကာကတစ်ကြောင်း၊ ဒီအချိန်အထိ တစိုက်မတ်မတ်အားပေးလာကြတဲ့ ပရိသတ်တွေကို သူတို့ရဲ့အစွမ်းကုန်အထိကြိုးစားထားတာတွေကို ပြသချင်တာကတစ်ကြောင်းတို့ကြောင့် ဒီလိုအချိန်ယူရတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

 

စတင်ပြသမယ့်ရက်ကိုသိရှိရပြီဆိုပေမယ့် အဲဒီအချိန်ကိုရောက်ဖို့က ၁ နှစ်ကျော်လိုပါသေးတယ်။ ဒါပေမယ့် ‘ဟာ.. အကြာကြီးစောင့်ရဦးမှာပါကွာ’ လို့မတွေးပဲ လက်ဖက်ကောင်းကောင်းစားရဖို့ ပလောင်က တောင်ပေါ်ကိုဖြေးဖြေးချင်းတက်နေတယ်လို့ပဲမှတ်ယူထားလိုက်ပါ.. အဲဒါဆိုရင်တော့ အချိန်ကျလာရင် မြိန်ရည်ရှက်ရည်နဲ့ အရသာခံပြီးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

 

Update: အရမ်းပျော်သွားတဲ့ Game of Thrones ပရိသတ်တွေကို စိတ်မကောင်းစွာပဲ ဒီသတင်းကမမှန်ကြောင်း ပြောပြရတော့မှာပါ။ ဒီနေ့ပဲ Maisie Williams က သူမရဲ့ twitter စာမျက်နှာကနေတစ်ဆင့် သူမအနေနဲ့ season 8 ထွက်ရှိမယ့်ရက်ကိုပြောကြားခဲ့ခြင်းမရှိကြောင်းနဲ့ အဲဒီစကားဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုကနေယူသုံးထားတာဖြစ်တယ်လို့ ဆိုလာပါတယ်။ Twitter ပေါ်ကပရိသတ်တွေကတော့ အဲဒီ tweet အောက်မှာ မချင့်မရဲနဲ့ ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။ ကဲ.. ထွက်ရှိမယ့်ရက်သိရတဲ့အခြေအနေကနေ ဒုံရင်းဒုံရင်း ဘာမှမသိတဲ့ဘဝကိုပြန်ရောက်သွားပါပြီ။ Winter ဘယ်တော့ပြန်လာမလည်းဆိုတာကို နားစွင့်နေရုံပဲရှိပါတော့တယ်။

Ref: Digital Spy

‘The Last Jedi’ ဝတ္ထုထဲမှာ ရုပ်ရှင်မှာမပါတဲ့အခန်းတွေပါဝင်မည်

Star Wars Episode 9 ထွက်မယ့် ၂၀၁၉ ခုနှစ်က အဝေးကြီးလိုပါသေးတယ်။ ဒီကြားထဲမှာ Star Wars နဲ့ပတ်သက်ပြီးတစ်ခုခု ကြည့်ရှုချင် ဖတ်ချင်သူတွေအတွက် သတင်းကောင်းလေးလာပါပြီ။ လာမယ့် မတ်လ ၆ ရက်နေ့မှာထုတ်ဝေမယ့် Star Wars: The Last Jedi ဝတ္ထုမှာ ရုပ်ရှင်ထဲကနေဖယ်ထုတ်ထားတဲ့အပိုင်းတွေ၊ အသစ်စက်စက်ထပ်ထည့်ထားတဲ့ဇာတ်လမ်းတွေ စတာတွေပါဝင်လာမှာဖြစ်ပါတယ်။

 

ဒီစာအုပ်ကို The Last Jedi ရဲ့ဖန်တီးရှင် ဒါရိုက်တာ Rian Johnson နဲ့ Star Wars ပရိသတ်တစ်ဖြစ်လဲ စာရေးဆရာ Jason Fry တို့က လက်တွဲပြီးဖန်တီးထားကြတာဖြစ်ပါတယ်။ Fry က သူတို့နှစ်ယောက် ဒီစာအုပ်ကိုဖန်တီးတာနဲ့ပတ်သက်ပြီး စကားအများကြီးပြောဖြစ်ခဲ့ကြပြီး ဇာတ်ကွက်အသစ်တွေအများကြီးဖန်တီးနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒီစာအုပ်မှာ Han Solo ကိုသင်္ဂြိဟ်တဲ့အခန်း၊ Rose နဲ့ Paige Tico တို့ညီအစ်မနှစ်ယောက်အကြောင်း၊ Canto Bight မြို့အကြောင်းအသေးစိတ် စတာတွေအပါအဝင် အခြားဇာတ်ကွက်အသစ်တွေ အများကြီးပါဝင်မယ်လို့ဆိုပါတယ်။

 

ရုပ်ရှင်ထဲမှာတုန်းက Canto Bight အခန်းဟာ ဘာမှရေရေရာရာမပြသသွားပဲ ပြီးသွားခဲ့ပါတယ်။ Canto Bight ဆိုတာကို Casino တွေအများကြီးရှိတဲ့မြို့ဆိုတာလောက်ကိုပဲ သိရှိခဲ့ရပြီး ဇာတ်လမ်းတည်ဆောက်ရာမှာအထောက်အကူမဖြစ်သလောက်ဖြစ်တဲ့အတွက် ရုပ်ရှင်တစ်ကားလုံးရဲ့အညံ့ဆုံးအပိုင်းလို့တောင်ပြောလို့ရပါတယ်။ ဒါပေမယ့် အခုလာမယ့်စာအုပ်မှာ ဒီနေရာအကြောင်းကိုအသေးစိတ်ရှင်းပြထားမယ်ဆိုတော့ ရုပ်ရှင်ကြည့်တုန်းကဟာတာတာဖြစ်နေတာလေးကိုဖြည့်ပေးနိုင်မယ့်အတွက် စိတ်ကျေနပ်စရာပါပဲ။ Rose နဲ့ Paige ညီအစ်မနှစ်ယောက်အကြောင်းကိုတော့ personally အရသိပ်စိတ်မဝင်စားပေမယ့် Han Solo ကို သင်္ဂြုဟ်တဲ့အခန်းကိုတော့ တော်တော်လေးသိချင်မိပါတယ်.. ဘယ်နေရာမှာ မြှုပ်နှံမှာလဲ.. သင်္ဂြုဟ်တာကို ဘယ်သူတွေလာကြမှာလဲ.. Kylo Ren ကရောအဲဒီအကြောင်းသိရဲ့လား.. ခေါင်းထဲမှာပေါ်လာတဲ့မေးခွန်းတွေကတော့ အများကြီးပါပဲ။

 

ဒီစာအုပ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို The Star Wars Show အစီအစဉ်ကနေတစ်ဆင့် ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပြီး Rian Johnson နဲ့ Jason Fry တို့ပြောကြားခဲ့တာတွေအသေးစိတ်ကို အောက်ကဗီဒီယိုမှာကြည့်ရှုနားဆင်နိုင်ပါတယ်။

 

‘Justice League’ Blu-Ray အကြောင်းကြေညာ – Zack Snyder Cut မပါဝင်

ဒါရိုက်တာ Zack Snyder ရဲ့ extended cut ကိုမျှော်လင့်နေကြတဲ့ Justice League ပရိသတ်တွေအတွက်ကတော့ မျှော်လင့်ချက်ကသိပ်မကျန်တော့သလောက်ပါပဲ။ ဘာကြောင့်လည်းဆိုတော့ Justice League Blu-Ray မှာ Extended Cut နဲ့ပတ်သက်တဲ့အရိပ်အယောင်တွေမမြင်တွေ့ရတဲ့အတွက်ဖြစ်ပါတယ်။

 

အဲဒီတော့ Blu-Ray မှာ ဘာတွေအပိုပါဝင်လာမှာလည်း.. အထူးတလည်ပြောစရာဆိုလို့ “The Return of Superman” လို့အမည်ရတဲ့ deleted scene တစ်ခုပဲ မည်မည်ရရပါဝင်လာပါတယ်။ ကျန်တာတွေကတော့ DC comic အကြောင်း၊ ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေရဲ့ အင်တာဗျူးတွေနဲ့ behind-the-scene တွေပဲဖြစ်ပါတယ်။

 

Extended Cut ကိုမျှော်လင့်နေကြတာကလည်း အကြောင်းရှိပါတယ်။ Justice League ဟာ ထင်ထားသလောက် response တွေမကောင်းခဲ့ပါဘူး။ ဇာတ်ကားကလည်း သူ့ဟာနဲ့သူလိုအပ်ချက်တွေရှိခဲ့ပါတယ်။ အဲဒီတော့ Batman v Superman: Dawn of Justice တုန်းကလို Zack Snyder ရဲ့ extended cut ကများ theatrical cut ထက်ပိုကောင်းမလားဆိုတဲ့မျှော်လင့်ချက်နဲ့ Justice League ရဲ့ Blu-Ray သတင်းကိုစောင့်မျှော်နေကြတာဖြစ်ပါတယ်။

 

မြင်ရသလောက်ဆိုရင်တော့ Zack Snyder က Justice League project ကနေအနားယူလိုက်ချိန်မှာ သူလုပ်နေကျ extended cut အတွက် ပြင်ဆင်ဖို့အချိန်မရခဲ့ဖူးလို့ယူဆလို့ရပါတယ်။ အခုပါဝင်လာမယ့် “The Return of Superman” ဟာကလည်း Snyder ဟာဖြစ်နိုင်သလို Joss Whedon ဟာလည်းဖြစ်နိုင်ပါတယ်။ အဲဒီတော့ Snyder Cut ကိုစောင့်မျှော်နေကြတဲ့ ပရိသတ်တွေကိုတော့ Sorry ပါလို့နှစ်သိမ့်ရုံမှတစ်ပါး အခြားဆိုဖွယ်ရာမရှိပါဘူး။

Fantastic Beasts ရုပ်ရှင် ၅ ကားကို မတူညီတဲ့ မြို့ ၅ မြို့မှာ ဇာတ်အိမ်တည်မည်

J.K. Rowling နဲ့ Warner Bros တို့က Fantastic Beasts ဇာတ်လမ်းကို စုစုပေါင်း ဇာတ်ကား ၅ ကားခွဲပြီးထုတ်မယ်ဆိုတာ ကျွန်တော်တို့သိတဲ့အချက်အလက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မသိခဲ့တာကတော့ ဇာတ်ကား ၅ ကားလုံးဟာ မတူညီတဲ့မြို့ ၅ မြို့မှာဇာတ်အိမ်တည်ကြမယ်ဆိုတာပါပဲ။ ပထမဦးဆုံးဇာတ်ကားဖြစ်တဲ့ Fantastic Beasts and Where to Find Them ဟာ New York မြို့မှာဇာတ်အိမ်တည်ထားခဲ့ပြီး မကြာမီထွက်ရှိမယ့် Fantastic Beasts: The Crimes of Grindelwald ကို Paris မြို့မှာဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။

 

အဲဒီအကြောင်းကို Harry Potter နောက်ဆုံး ၄ ကားနဲ့ Fantastic Beasts ၂ ကားလုံးကို ဦးဆောင်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Yates က Entertainment Weekly နဲ့တွေ့ဆုံစဉ်က အတည်ပြုပြောကြားသွားခဲ့တာဖြစ်ပါတယ်။

 

“Yes,” Yates replied when asked if each film is set in a different city. “Jo’s already told us where the next one is taking place. It’s very exciting. This is a global story, ultimately. And given that there’s a global audience for this, it’s all the more delightful to take the story to different parts of the world.”EW

 

Yates ဟာ သူ့အနေနဲ့ Fantastic Beasts ဇာတ်လမ်းတစ်ခုလုံးက တစ်ကမ္ဘာလုံးကပရိသတ်တွေကိုရည်ရွယ်ပြီး ကမ္ဘာအနှံ့ကနေရာတွေမှာရိုက်ကူးမယ့်အချက်ကို တော်တော်သဘောကျမိကြောင်း ပြောကြားသွားပါတယ်။ Yates ပြောကြားသွားပုံအရဆိုရင် သူ့အနေနဲ့ တတိယမြောက် Fantastic Beasts ဇာတ်ကား ဇာတ်အိမ်တည်မယ့်နေရာကိုသိရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ ထုတ်ဖော်ပြောကြားလို့မရသေးတဲ့အတွက် အဲဒါနဲ့ပတ်သက်ပြီးတော့ အဲဒီလောက်ပဲအရိပ်အမြွက်ပြောသွားခဲ့ပါတယ်။

 

ဒီအကြောင်းကိုသိရှိကြပြီးတဲ့နောက် လူတွေက နောက် Fantastic Beasts ဇာတ်ကားတွေဇာတ်အိမ်တည်မယ့်နေရာတွေကို ခန့်မှန်းပြောဆိုနေကြပါတယ်။ အဲဒီမှာ ထင်ကြေးအပေးခံရဆုံးနေရာကတော့ ဂျာမနီနိုင်ငံဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဇာတ်လမ်းရဲ့ super villain ကြီး Grindelwald က Nazi ရယ် ဒုတိယကမ္ဘာစစ်ကြီးရယ်နဲ့ ပတ်သက်နေတဲ့အတွက်ဖြစ်ပါတယ်။ Rowling ပြောကြားထားချက်အရဆိုရင် ဒီဇာတ်လမ်းရဲ့အဆုံးမှာ Dumbledore နဲ့ Grindelwald တို့ duel ဆွဲကြမှာဖြစ်ပြီး Grindelwald ရှုံးသွားတဲ့နေ့ရက်ဟာ ဂျာမနီစစ်ရှုံးနဲ့နေ့ရက်နဲ့တစ်ထပ်တည်းဖြစ်ပါတယ်။ အဲဒီတော့ ၅ ကားမြောက် Fantastic Beasts ဇာတ်ကားဟာ ဂျာမနီမှာဇာတ်အိမ်တည်ရင်တည်၊ မဟုတ်ရင် တစ်နည်းနည်းနဲ့ဆက်စပ်နေမှာ သေချာသလောက်ပါပဲ။ နောက်ထပ်ထင်ကြေးပေးခံရတဲ့နေရာတစ်ခုကတော့ လန်ဒန်မြို့ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လန်ဒန်ဟာ Potterverse မှာအရေးအပါဆုံးနေရာတစ်ခုဖြစ်တဲ့အတွက်ပါ။ ဒါပေမယ့် အဲဒီနှစ်ခုကလွဲပြီးတော့ ကျန်တဲ့နေရာတွေကို ဘယ်သူမှရေရေရာရာမပြောနိုင်ကြပါဘူး။

 

ကဲ.. စာဖတ်သူတို့ရော ဘယ်လိုမြင်ကြသလဲ.. ကျန်ရှိသေးတဲ့ Fantastic Beasts ၃ ကားထဲက တစ်ကားကားက အာရှဖက်မှာဇာတ်အိမ်တည်နိုင်မယ်လို့ထင်ပါသလား.. ဘယ်လိုပဲပြောပြော Rowling ကိုယ်တိုင်ထုတ်ဖော်ပြောကြားတဲ့အချိန် ကိုယ်မှန်းထားတာနဲ့ကိုက်မကိုက် အဖြေညှိကြည့်လို့ရအောင် နည်းနည်းလောက်စဉ်းစားထားကြည့်နိုင်ပါတယ်။

 

ဒီဇာတ်လမ်းတွဲထဲက ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ Fantastic Beasts: The Crimes of Grindelwald ကို ၂၀၁၈ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Warner Bros က ‘Fantastic Beasts: The Crimes of Grindelwald’ ပုံအသစ်တွေထပ်ထုတ်ပေး

ပြီးခဲ့တဲ့ရက်ပိုင်းက Warner Bros က ဒုတိယမြောက် Fantastic Beasts ဇာတ်ကားဖြစ်တဲ့ ‘Fantastic Beasts: The Crimes of Grindelwald’ ရဲ့ပုံအသစ်တွေ ထပ်မံထုတ်ပြန်ပေးခဲ့ပါတယ်။ ပထမပုံမှာဆိုရင် Newt Scamander (Eddie Redmayne) က ပဲရစ်မြို့ကပို့လိုက်တဲ့ postcard ကိုဖွင့်ဖောက်နေတာကို တွေ့ရမှာပါ။ ပေးပို့သူကိုမဖော်ပြထားတဲ့အတွက် စဉ်းစားချင်စရာပါ။ ဒုတိယပုံမှာကတော့ Newt နဲ့ Jacob (Dan Fogler) တို့ကို ပဲရစ်မြို့ရဲ့လမ်းမတစ်ခုပေါ်မှာသွားလာနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီပုံဟာ ပထမဇာတ်ကားအပြီး ၁ နှစ်အကြာမှာဇာတ်အိမ်တည်ထားတဲ့အတွက် အဲဒီအတောအတွင်းမှာ Newt နဲ့ Jacob တို့ဘယ်လိုပြန်ဆုံသွားကြသလဲဆိုတာက တွေးချင်စရာလေးပါ။ တတိယပုံမှာတော့ Newt နဲ့ Tina (Katherine Waterston) တို့ကို Locker တစ်ခုအနားမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Locker ထဲမှာဘာတွေများရှိတာလဲဆိုတာကလည်း မေးခွန်းထုတ်ချင်စရာလေးပါပဲ။

 

Photo: Warner Bros.

 

Photo: Warner Bros.

 

Photo: Warner Bros.

 

အောက်ကပုံတွေကတော့ ပထမအသုတ်အနေနဲ့ ထုတ်ပြန်ခဲ့တဲ့ပုံတွေဖြစ်ပါတယ်။ ပထမပုံမှာဆိုရင် လူဆိုးကြီး Gellert Grindelwald (Johnny Deep) နဲ့ သူ့ရဲ့လက်ရုံး Vinda Rosier (Poppy Corby-Tuech) တို့ကိုယှဉ်တွဲပြီးတွေ့ရမှာပါ။ ဒုတိယပုံမှာတော့ Jude Law သရုပ်ဆောင်ထားတဲ့ လူငယ် Dumbledore ကိုစတိုင်ကျကျတွေ့နိုင်မှာဖြစ်ပါတယ်။ တတိယပုံမှာတော့ ဇာတ်လိုက်ကြီး Newt Scamander ကို အထာကျကျတွေ့မြင်ရမှာဖြစ်ပါတယ်။

 

(Photo: Jaap Buitendijk/Warner Bros.)

 

(Photo: Jaap Buitendijk/Warner Bros.)

 

(Photo: Jaap Buitendijk/Warner Bros.)

 

Fantastic Beasts: The Crimes of Grindelwald ရုပ်ရှင်ကို ၂၀၁၈ နိုဝင်ဘာ ၁၆ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်ပါတယ်။

၂၀၁၉ မှထွက်မယ့် ‘Game of Thrones’ Season 8

Game of Thrones ပရိသတ်တွေကတော့ စောင့်ရလွန်းလို့ လည်ပင်းတွေရှည်ကုန်တော့မှာပါ။ အရင်က ကောလဟာလတွေထွက်ရှိခဲ့တဲ့အတိုင်း Game of Thrones ရဲ့ နောက်ဆုံး Season ဖြစ်တဲ့ Season 8 ကို ၂၀၁၉ ခုနှစ်ကျမှ ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့ HBO ကအတည်ပြုပြောကြားလိုက်ပါတယ်။ Game of Thrones ကို ဖန်တီးသူတွေဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး TV Series တစ်ခုရဲ့နောက်ဆုံးဇာတ်ဝင်ခန်းတွေကို တတ်နိင်သမျှအကောင်းဆုံးဖြစ်စေလိုတာကြောင့် ပုံမှန်ထက်အချိန်ပိုယူရခြင်းဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အပိုင်း ၆ ပိုင်းသာပါဝင်မယ့် ဒီ season ကို အချိန်အဲဒီလောက်ယူမယ်ဆိုတော့ အရည်အသွေးကတော့ တော်တော်ကောင်းမယ်လို့ မျှော်လင့်လို့ရလောက်ပါတယ်။

ဒီ season ကို Game of Thrones ရဲ့ showrunner တွေဖြစ်တဲ့ David Benioff နဲ့ D.B. Weiss တို့အပါအဝင် အရင် season က ဒါရိုက်တာတွေဖြစ်တဲ့ David Nutter နဲ့ Miguel Sapochnik တို့က လက်တွဲဖန်တီးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် David Benioff, D.B. Weiss, Bryan Cogman နဲ့ Dave Hill တို့က ဇာတ်ညွှန်းပိုင်းကိုတာဝန်ယူသွားကြမှာဖြစ်ပါတယ်။